.
မြန်မာ့သမိုင်းတွင်
တစ်ကြိမ်တစ်ခါမျှ မကြုံဖူးသည့် စည်းလုံးညီညွတ်မှုမျိုး ရရှိနေပြီဖြစ်ကြောင်း၊ တိုင်းရင်းသား
ပြည်သူလူထုနှင့် တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများက အာဏာရှင်ကို
တွန်းလှန်တိုက်ဖျက်ရန် မယုံနိုင် လောက်အောင် ပူးပေါင်းဆောင်ရွက်မှုများရှိနေပြီ ဖြစ်ကြောင်း
အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုခဲ့သည်ဟု သိရသည်။
.
.
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ
ကျင်းပသော ၃၄ နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံနေ့ အခမ်းအနားသို့ တက်ရောက်စဉ် ယာယီသမ္မတက
ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
.
“အချင်းချင်း
အကြားယုံကြည်မှုများပိုမိုတိုးတက်လာပြီဖြစ်ပါတယ်။ အဲဒီရရှိထားတဲ့
စည်းလုံးညီညွတ်မှုအားနဲ့ ရှစ်လေးလုံး သမိုင်းဝင်နေ့ထူးနေ့မြတ်မှာ စစ်တပ်နဲ့
အာဏာရှင်မှန်သမျှကို တွန်းလှန်ဖြိုခွင်းပြီး စစ်မှန်တရားမျှတတဲ့၊
စစ်မက်မရှိတော့တဲ့၊ တိုးတက်ထွန်းကားတဲ့ ဖက်ဒရယ်ပြည်ထောင်စု ကြီးကို
တည်ဆောက်သွားကြပါစို့”ဟု ယာယီသမ္မတဒူဝါလရှီးလက တိုက်တွန်းသည်။
.
ထို့အတူ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း
ကလည်း အကြမ်းဖက် ရမ်းကားသောနည်းလမ်းများဖြင့် ပြည်သူကို သတ်ဖြတ်နှိပ်စက်ပြီး အာဏာရှင်လူတစ်စု
ကောင်းစားရေးအတွက် တိုင်းပြည်ကို အဓမ္မ အုပ်ချုပ်ရန် စိတ်ကူးယဉ်နေပါက ယခုထက် အဆမတန်
ကြီးမားသည့် ပြည့်သူ့သစ္စာ စူးကာ အမြစ်ပြတ်ချေမှုန်းမှုကို မကြာခင် ခံရတော့မည်ဖြစ်ကြောင်း
ပြောဆိုခဲ့သည်။
.
“အခုနှစ်မှာတော့
တော်လှန်ရေးစိတ်ဟာ လူထုလူတန်းစားအားလုံးရင်ထဲ ပိုမို ကိန်းဝပ်နေပြီး
ပြည်သူ့အောင်ပွဲမှတစ်ပါး အခြားမရှိဆိုတဲ့ စိတ်ဓာတ်နဲ့ ရှေ့ဆက်နေကြတဲ့
အချိန်ကာလဖြစ်ပါတယ်။ ၁၉၈၈ လူထုတော် လှန်ရေးက ပုခုံးထမ်း တင်ပေးလိုက်တဲ့
ယခုနွေဦးတော် လှန်ရေးဟာ စစ်အာဏာရှင်တွေ နိဂုံးချုပ်ပြီး ပြည်သူ့အောင်ပွဲဆီသို့
အလွန်ပင်နီးကပ် နေပြီဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးချုပ်က ပြောသည်။
.
ပြည်ထောင်စုလွှတ်တော်
ကိုယ်စားပြုကော်မတီ (CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် ကလည်း ယခု နွေဦး တော်လှန်ရေးတွင် ခေတ်အဆက်ဆက် တိုင်းပြည်ကို
ဖျက်ဆီးခဲ့သော စစ်အာဏာရှင်များနှင့် အပေါင်းအပါများကို အမြစ်ဖြတ်ရမည့် နောက်ဆုံးတိုက်ပွဲအဖြစ်
ကြိုးပမ်းသွားရမည်ဖြစ်ကြောင်း တိုက်တွန်းပြောဆိုခဲ့သည်။
.