နယ်မြေကာကွယ်ရေးအတွက် ကာကွယ်ရေးနှင့် ပြည်ထဲရေးဝန်ကြီးဌာန ပူးပေါင်းဆောင်ရွက်ရန် NUG ပြည်ထောင်စု ဝန်ကြီးချုပ် တိုက်တွန်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နယ်မြေကာကွယ်ရေးအတွက် ကာကွယ်ရေးနှင့် ပြည်ထဲရေးဝန်ကြီးဌာန ပူးပေါင်းဆောင်ရွက်ရန် NUG ပြည်ထောင်စု ဝန်ကြီးချုပ် တိုက်တွန်း

.

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ဒေသကာကွယ်ရေးတပ်များ ထိန်းချုပ်ရာ ဒေသများတွင် နယ်မြေကာကွယ်ရေး အတွက် ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးနှင့် လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုခဲ့သည်ဟု သိရသည်။

.

.

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး (၂၃/၂၀၂၂) ကို ယမန်နေ့ ဩဂုတ်လ နံနက်ပိုင်းက ပြုလုပ်ရာ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးချုပ်က ယင်း ကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

.

ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှုဗဟိုကော်မတီ ဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အစိုးရအဖွဲ့ဝင်များအနေဖြင့် တော်လှန်ရေး အရှိန်အဟုန် မြင့်လာသည်နှင့်အမျှ အချိန်နှင့် တစ်ပြေးညီ တန်ပြန်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကျန်ရှေ့လုပ်ငန်းစဉ်များကိုလည်း အချိန်မီ ပြီးစီးအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နယ်မြေစိုးမိုးရေးတွင် တရားဥပဒေစိုးမိုးရေးသည် များစွာ အရေးပါသည် ဖြစ်ရာ ယင်းကဏ္ဍအတွက် သကဆိုင်ရာ ဝန်ကြီးဌာနများနှင့် ချိတ်ဆက်ဆွေးနွေးရမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

.

ထို့နောက် အစည်းအဝေး တက်ရောက်လာသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်များက အစည်းအဝေး (၂၂/၂၀၂၂) တွင် ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်များ၊ ရှေ့လုပ်ငန်းစဉ် များနှင့် ပတ်သက်၍ ပြီးစီးမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြ ရှင်းလင်းပြီး အထူးဒေသအတွင်း ဝန်ကြီးဌာနအလိုက် ဆောင်ရွက်ထားရှိနေသည့် ကိစ္စရပ်များအပေါ် တက်ရောက် လာသော တာဝန်ရှိသူများက ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

.

အဆိုပါ အစည်းအဝေးသို့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ ဥက္ကဌ၊ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ဗဟိုကော်မတီ ဒုတိယဥက္ကဌ(၁)၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ် အပါအဝင် ဗဟိုကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ ပြည်ထောင်စုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

.

Journal Download

Photo of three cats