.
စစ်ကောင်စီက ကျူးလွန်သည့်
စစ်ရာဇဝတ်မှုများကို မှတ်တမ်းပြုစုပြီး တရားစီရင်နိုင်ရေး ဆောင်ရွက်ရမည်ဖြစ် ကြောင်း
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဦးလွင်ကိုလတ်က
ပြောဆိုခဲ့ သည်ဟု သိရသည်။
.
.စစ်ကိုင်းတိုင်း၊ မကွေးတိုင်းအတွင်းရှိ
ပြည်သူ့လုံခြုံရေးအဖွဲ့များ နှင့် ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်တို့ တွေ့ဆုံ ဆွေးနွေးပွဲကို
ယနေ့ ဩဂုတ်လ ၃ ရက်၊ နေ့လယ်ပိုင်းက ပြုလုပ်ရာ တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက ယင်းကဲ့သို့
ပြောဆိုခဲ့ခြင်းဖြစ်သည်။
.
ပြည်ထောင်စုဝန်ကြီးက
မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့များအနေဖြင့် ပြည်သူ့ရဲတပ်ဖွဲ့လုပ်ငန်းများကို
မြေပြင်တွင် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေး လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ နယ်မြေစိုးမိုးထိန်းချုပ်နိုင်ရေးသည်
လုံခြုံရေး နှင့် တရားဥပဒေစိုးမိုးမှုအပေါ် များစွာ အရေးပါကြောင်း၊ ဖွဲ့စည်းထားရှိပြီးဖြစ်သည့်
မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) များကိုလည်း လိုအပ်သော သင်တန်းများ ပေးနိုင်ရေး
စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိကာလတွင် ပြည်သူလူထု၏ လူမှုဘဝ လုံခြုံရေးအတွက်
ပြည်သူ့လုံခြုံရေးအဖွဲ့များအနေဖြင့် ဝိုင်းဝန်းစုစည်းညီညွတ်စွာ ကြိုးစား ကြစေလိုကြောင်း
ပြောကြားခဲ့သည်။
.
ထို့နောက် တက်ရောက်လာသူများက
ပြည်သူရဲတပ်ဖွဲ့၏ လက်ရှိ ဆောင်ရွက်ချက်များ၊ မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)
များ စနစ်တကျ ဖွဲ့စည်းထားရှိရေး၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များနှင့် ချိတ်ဆက်လုပ်ဆောင်နိုင်ရေး၊
အမှုအခင်းကိစ္စရပ်များကို နည်းလမ်းတကျ ကိုင်တွယ်ဆောင်ရွက်နိုင်ရေး စသည့်ကိစ္စရပ်များကို
ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
.
အဆိုပါ အစည်းအဝေးသို့
ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်နှင့်အတူ အမြဲတမ်းအတွင်းဝန်၊ တွဲဘက်အတွင်းဝန်၊ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ပြည်သူရဲတပ်ဖွဲ့မှ ရဲချုပ်၊ ဒုရဲချုပ်နှင့်
ရဲအရာရှိ များ တက်ရောက်ခဲ့ကြောင်း သိရသည်။
.