.
အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်များ၊
သက်ဆိုင်ရာ တော်လှန်ရေးအင်အားစုများ အားလုံးအနေဖြင့် စစ်အာဏာရှင် စနစ် တိုက်ဖျက်ရေးနှင့်
ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်ရေး ဘုံရည်မှန်းချက် ပန်းတိုင်ကို
မျက်ခြေမပြတ် စေရန် လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက
ပြောဆိုခဲ့သည်ဟု သိရသည်။
.
.
အမျိုးသားညီညွတ်ရေးအစိုးရ၏
(၆၂) ကြိမ်မြောက် အစိုးရအဖွဲ့အစည်း အဝေးကို ယနေ့ ဩဂုတ်လ ၂ ရက်၊ နံနက်ပိုင်း က
ပြုလုပ်ရာ အစည်းအဝေးတွင် ယာယီသမ္မတက ယင်းကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
.
ယာယီသမ္မတကြီး
ဒူဝါလရှီးလက စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် အထွေထွေ
ယိုယွင်းမှုများ ဆက်တိုက် ကြုံတွေ့လာနေရကြောင်း၊ အထူးသဖြင့် စစ်ကောင်စီသည်
စစ်ရေးအကြပ်အတည်း၊ နိုင်ငံရေးအကြပ် အတည်း၊ သံတမန်ရေးအကြပ်အတည်းများကို
ရင်ဆိုင်လာနေရကြောင်း၊ မိမိတို့ NUG အနေဖြင့် စစ်အာဏာရှင်စနစ် ဖြိုဖျက်ရေးနှင့်
ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် ဆိုင်ရာကဏ္ဍကိုယ်စီမှ အားသွန်
ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပြောသည်။
.
ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်များ
အနေဖြင့် မဟာမိတ်ညီညွတ်ရေး အင်အားစုကို သဘောထား ကြီးကြီးဖြင့် ဆက်လက်တည်ဆောက်ရန်
လိုအပ်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို လိုလားထောက်ခံသည့် နိုင်ငံတကာ
အစိုးရအသိုက်အဝန်းနှင့် ဆက်ဆံရေး ခိုင်မာစေရန် နယ်ပယ်ကဏ္ဍအသီးသီးမှ
ကြိုးစားလုပ်ဆောင်ရန်၊ မိတ်ဖက်ဖြစ်နိုင်သော အင်အားစုများကိုလည်း ဖက်ဒရယ်ဒီမိုကရေစီ
တန်ဖိုးများကို အခြေခံစံတန်ဖိုးအဖြစ် ထားပြီး မဟာဗျူဟာကျကျ စည်းရုံးကြရန်
တိုက်တွန်းပြောဆိုခဲ့သည်။
.
ထို့နောက် ပြည်ထောင်စုဝန်ကြီးချုပ်
မန်းဝင်းခိုင်သန်းက တော်လှန်ရေးကာလ ဖြစ်သည့်အတွက် အရေးမကြီးသည့် အလုပ်ဟူ၍ မရှိကြောင်း၊
ဝန်ကြီးများအားလုံး တော်လှန်ရေးအတွက် နေ့မအား ညမအား ဆောင်ရွက်လျက်ရှိကြောင်း၊ ဝန်ကြီးဌာနများအနက်
ပြည်ထဲရေးဝန်ကြီးဌာနသည် ပါဝင်ပတ်သက်သည့် ကဏ္ဍအတော်များများ
ပါဝင်ကြောင်း၊ ကြားကာလ ဒေသန္တရအုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များလည်း များပြားကြောင်း၊
သို့သော် အချို့ကိစ္စရပ်များတွင် ပြည်ထဲရေး ပါဝင်ဆောင်ရွက်မှသာ အဆင်ပြေနိုင်မည့် ကိစ္စရပ်များလည်း
ရှိနေသည့်အတွက် အားစိုက်ပေးရန် တိုက်တွန်းလိုကြောင်း ပြောဆိုခဲ့သည်။
.
အစည်းအဝေးတွင်
ပညာရေးဝန်ကြီးဌာန ဒုဝန်ကြီးဒေါက်တာစိုင်းခိုင်မျိုးထွန်းက CDM များ၏ လုံခြုံရေးဆိုင်ရာ အစီအစဉ်များ၊
အမျိုးသမီး လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနက လူထုလှုပ်ရှားမှုများ
ညှိနှိုင်းပေါင်းစပ်ရေးနှင့် ကူညီထောက်ပံ့မှု စသည့်ကိစ္စရပ်များကို တင်ပြဆွေးနွေးခဲ့ပြီးနောက်
ပြည်ထောင်စုဝန်ကြီးချုပ်က ပြန်လည်ရှင်းလင်း ဆွေးနွေးကာ ယာယီသမ္မတက နိဂုံးချုပ်အမှာစကား
ပြောကြားခဲ့ကြောင်း သိရသည်။
.
အဆိုပါ အစည်းအဝေးသို့
ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း အပါအဝင် NUG အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊
ဒုဝန်ကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
.