ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အနေဖြင့် ထိရောက်စွာ ဖြေရှင်းနိုင်ခြင်း မရှိပါက အကြမ်းဖက်စစ်အုပ်စုအား စစ်ရာဇဝတ်သားများအဖြစ်မှ သက်သာရာရသွားစေမည့်အဖြစ်သို့ ရောက်ရှိသွား နိုင်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ ဩဂုတ်လ ၁၇ ရက်တွင် ထုတ်ပြန်သည်။
.
အထူးကိုယ်စားလှယ်၏ ခရီးစဉ်သည် အကြမ်းဖက်စစ်အုပ်စု၏ အကြမ်းဖက်လုပ်ရပ်များ အဆုံးသတ်ရေးကို ဦးတည်ရမည့်အပြင် အကြမ်းဖက်စစ်အုပ်စုအနေဖြင့် ထောက်ပံ့ကူညီမှုများကို လက်နက်သဖွယ် အသုံးချနေခြင်းနှင့် နိုင်ငံရေးအကျဉ်းသားများအား နှိပ်စက်ညှဉ်းပန်းခြင်းနှင့် ပြစ်ဒဏ်ပေးခြင်းတို့အား အဆုံးသတ်ရန် ဆောင်ရွက်ရမည် ဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
ထို့အပြင် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို မတည်မငြိမ် ဖြစ်စေသည့် အကြမ်းဖက်စစ်အုပ်စုက လှုံ့ဆော်လျက်ရှိသည့် ပြဿနာ အကျပ်အတည်းများကိုလည်း ပစ်မှတ်ထား ဖြေရှင်းရမည် ဖြစ်သည်ဟု ဖော်ပြ ပါရှိသည်။
.
NUG အနေဖြင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၏ အားထားရသော မိတ်ဖက်အဖြစ် ဆက်လက် တည်ရှိနေမည် ဖြစ်ကာ Ms. Noeleen Heyzer ၏ ဆွေးနွေးချက်များသည် မြန်မာနိုင်ငံရှိ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများ ပါဝင်ကာ မြန်မာ ပြည်သူလူထု၏ အသံကို ထင်ဟပ်ရမည် ဖြစ်ကြောင်း NUG က ဆိုသည်။
.
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Noeleen Heyzer သည် ယမန်နေ့ ဩဂုတ်လ ၁၆ ရက်၊ နံနက်ပိုင်းတွင် မြန်မာနိုင်ငံသို့ ရောက်ရှိနေခြင်း ဖြစ်ကြောင်း သိရသည်။