ကချင်တော်လှန်ရေး အင်အားစုများနှင့်
လက်တွဲကာ စစ်အာဏာရှင်စနစ်ကို ဖြုတ်ချပြီး ကချင်လူမျိုးများ အပါအဝင် မြန်မာနိုင်ငံ တိုင်းရင်းသားအားလုံး
လိုလားသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်သွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ
(NUG) က သဝဏ်လွှာ ပေးပို့ခဲ့သည်။
.
ယနေ့ ဩဂုတ်လ ၁၀ ရက်တွင် ကျရောက်သည့် ကချင်တော်လှန်ရေးအတွက် အသက်ပေးသွားကြသော ကချင်အာဇာနည်
ခေါင်းဆောင်ကြီးများကို အောက်မေ့သည့် အထိမ်းအမှတ်ဖြင့် ပြုလုပ်သော (၄၇) နှစ်မြောက်
ကချင်အာဇာနည်နေ့ (Share Shagan Nhtoi) အထိမ်းအမှတ်အဖြစ် ပေးပို့သည့် သဝဏ်လွှာတွင် ယင်းကဲ့သို့
NUG က ပြောဆိုခဲ့ခြင်း ဖြစ်သည်။
.
ကချင်လူမျိုးများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့်
နိုင်ငံရေးတန်းတူညီမျှခွင့် အတွက် ရွပ်ရွပ်ချွံချွံ တာဝန်ထမ်းရွက်နေသော ကချင်တော်လှန်ရေး
ဖခင်ကြီးများအား တော်လှန်ရေး မှေးမှိန်ပျောက်ကွယ်ရန် ရည်ရွယ်၍ အာဏာရှင်များက ၁၉၇၅ ခုနှစ်
သြဂုတ်လ အစောပိုင်းရက်များတွင် စနစ်တကျ လုပ်ကြံသတ်ဖြတ်ခဲ့သော်လည်း ကချင်တော်လှန်ရေးသည်
ဦးမကျိုးခဲ့ဘဲ (၄၇) နှစ်တိုင်တိုင် ဆင့်ကဲပြောင်းလဲ တာဝန်ထမ်းရွက်မှုဖြင့် ကချင့်တော်လှန်ရေးတပ်ဦးဖြစ်သည့်
KIO/KIA ကို ညီညွတ်စွာ စုစည်း၍ ဆက်လက် ဦးဆောင်ချီတက်နိုင်ခဲ့သည်မှာ လေးစားဂုဏ်ယူဖွယ်
ဖြစ်ကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။
.
အမျိုးသားညီညွတ်ရေးအစိုးရသည် ခေတ်အဆက်ဆက်က
တိုင်းရင်းသားလူမျိုးများ၏ နိုင်ငံရေးအရ ရပိုင်ခွင့် အခွင့်အရေးများကို လျစ်လျူရှုကာ
လက်နက်အားကိုး အုပ်ချုပ်ခဲ့သော အာဏာရှင်စနစ်ကို အပြီးသတ် ချေမှုန်းပြီး ကချင်လူမျိုးများ
အပါအဝင် တိုင်းရင်းသားလူမျိုးများ အားလုံးလိုလားသည့် အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့်
ဒီမိုကရေစီကို အပြည့်အဝ အာမခံသည့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ရန် သန္နိဌာန်ချထားသည့်
အစိုးရ ဖြစ်ကြောင်းကိုလည်း သဝဏ်လွှာတွင် ဖော်ပြခဲ့သည်။
.