.
ယနေ့ ဩဂုတ်လ ၁၇ ရက်တွင်
ကျရောက်သော ကရင်နီတပ်မတော်နေ့ အခမ်းအနားသို့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ဗဟိုဌာနချုပ်က သဝဏ်လွှာတစ်စောင်
ပေးပို့ခဲ့သည်ဟု သိရသည်။
.
.
အဆိုပါ သဝဏ်လွှာတွင်
ယနေ့ ခုခံဆင်နွှဲနေသော ခုခံတော်လှန်ရေးသည် ကရင်နီတစ်မျိုးသားလုံး၏ ပျောက်ဆုံး နေသော
အမျိုးသားဂုဏ်သိက္ခာကို ထုတ်ဖော်ရန်အပြင် စစ်ဝါဒီများ၏ မတရားကျူးကျော်စစ်ကို ပြန်လည်တွန်းလှန်
ခုခံနေသည့် တရားသော လက်နက်ကိုင်တော်လှန်ရေးဖြစ်ကြောင်း၊ မိမိတို့သည် နယ်ချဲ့ စစ်အာဏာရှင်များ
လက်အောက်၌ ကရင်နီပြည်၏ အချုပ်အခြာအာဏာကို လက်လွတ်ဆုံးရှုံးခဲ့ရပြီး လူမျိုးတစ်မျိုး၏
ဂုဏ်သိက္ခာ၊ လွတ်လပ်မှု၊ တရားမျှတမှုနှင့်အတူ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများ
ပျောက်ကွယ်ခဲ့သည်မှာ ၇၄ နှစ် တိုင် ရှိခဲ့ပြီ ဖြစ်ကြောင်း၊ ယင်း ၇၄ နှစ်အတွင်း ခေါင်းဆောင်များ၊
တပ်မှူးနှင့် တပ်သားများ၊ အပြစ်မဲ့ ကရင်နီလူမျိုးအများအပြား လူမျိုးအတွက်၊ တိုင်းပြည်အတွက်
အသက်သွေးများ ပေးဆပ်ခဲ့ရပြီးဖြစ်ကြောင်း ဖော်ပြပါရှိသည်။
.
ယနေ့ အသက်ရှင်ကျန်ရစ်နေသော
မိမိတို့ ကရင်နီအမျိုးသားများသည် အမျိုးသားရေးအတွက် အသက် ပေးဆပ်သွား ခဲ့ရသည့် အာဇာနည်ခေါင်းဆောင်များ၊
တော်လှန်ရေးသမားများနှင့် ပြည်သူလူထုအတွက် သမိုင်းကြွေး ကျန်ရစ်နေပြီ ဖြစ်ကြောင်း၊
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်၊ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင်လည်း မိမိတို့
တော်လှန်ရေး တပ်ဖွဲ့ဝင်များ၊ လူငယ်လူရွယ်များ၊ အပြစ်မဲ့ပြည်သူများ အများအပြား ဖိနှိပ်ညှဉ်းဆဲ
သတ်ဖြတ် ခံခဲ့ရကြောင်း၊ ပြည်သူ လူထုများ၏ အိုးအိမ်ပိုင်ဆိုင်မှုများ ဆုံးရှုံးပျက်စီးခြင်းနှင့်အတူ
မိမိတို့၏ သာယာလှပသော ကရင်နီမြေသည်လည်း သွေးများ ဖုံးလွှမ်းခဲ့ရကြောင်း ဖော်ပြထားသည်။
.
ထို့အပြင် ကရင်နီအမျိုးသားများသည်
ယင်းကဲ့သို့ ပေးဆပ်ခြင်း၊ ဆုံးရှုံးခြင်းများနှင့် ခုခံတော်လှန်စစ်ကို ဆင်နွဲနေခြင်း
ဖြစ်သည့်အတွက် မိမိတို့၏ သမိုင်းပေးတာဝန်ကို မပြီးဆုံးမချင်း ဆက်လက်တိုက်ပွဲဝင်နေရမည်ဖြစ်ကြောင်း၊
သမိုင်း ပေးတာဝန်ကို လစ်လျူရှု၊ မေ့လျော့သွား၍ မရကြောင်း ခေါင်းဆောင်များ၊ တပ်ဗိုလ်၊
တပ်မှူးများ၊ တပ်သားများ နှင့် မိဘပြည်သူအပေါင်း အနေဖြင့် မိမိတို့ ကရင်နီအမျိုးသားများ၏
တရားသောစစ်ကို ဆက်လက် ဆင်နွှဲရင်း ငြိမ်းချမ်း သာယာဝပြောသော လူ့ဘောင်သစ်တစ်ရပ်ကို အမြန်ဆုံး
အကောင်အထည်ဖော်နိုင်ပါကြောင်း KNPP က ထုတ်ပြန် ထားသည်။
.
ကရင်နီတပ်မတော် (KA)
ကို ၁၉၄၈ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်တွင်
စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ဦးဆောင် နိုင်ငံရေး ပါတီမှာ
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဖြစ်သည်။
.
ကရင်နီတပ်မတော် (KA)
သည် ၁၉၉၅ ခုနှစ်တွင် အစိုးရနှင့်
လက်မှတ်ရေးထိုးခဲ့ဖူးသော်လည်း ၃ လအတွင်း ပျက်ပြယ် ခဲ့ရပြီး ၂၀၁၂ ခုနှစ် မတ်လ ၇
ရက်၊ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်တွင် ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး
သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သော်လည်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု
ရပ်စဲရေးစာချုပ် NCA ကို
လက်မှတ်ရေးထိုးထားခြင်း မရှိသေးချေ။
.
ယင်းသို့ NCA
လက်မှတ်ရေးထိုးထားခြင်းမရှိသော်လည်း
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်၊ စစ်အာဏာ သိမ်းမှု မတိုင်မီအထိ
ကရင်နီပြည်နယ်အတွင်း တိုက်ပွဲလုံးဝဖြစ်ပွားခဲ့ခြင်း မရှိခဲ့ဘဲ ၂၀၂၁ ခုနှစ်၊
မေလကုန်ပိုင်းမှစ၍ KNPP လက်အောက်ခံ
KA နှင့်
စစ်ကောင်စီတပ်များအကြား တိုက်ပွဲများ ဖြစ်ပွားလာခဲ့ခြင်း ဖြစ်သည်။
.
လက်ရှိတွင် KA၊ KNDF နှင့် ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက
ခုခံစစ်များ ဆင်နွှဲလျက်ရှိရာ ကရင်နီပြည်နယ် အတွင်း တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားလျက်ရှိသည်။
.