.
ကရင်အမျိုးသားအစည်းအရုံး
(KNU) ထိန်းချုပ်နယ်မြေ၊
ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်တွင် ယနေ့ ဩဂုတ်လ ၈ ရက်၊ နံနက်ပိုင်းက လေကြောင်းဖြင့်
တိုက်ခိုက်လာသည့် စစ်ကောင်စီတပ်၏ ရဟတ်ယာဉ် ၂ စီးကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်
(KNLA) က ပြန်လည်ပစ်ခတ်ခဲ့ရာ ရဟတ်ယာဉ်တစ်စီး စက်ချို့ယွင်းပြီး
အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း သိရသည်။
.
.
စစ်ကောင်စီတပ်မှ ရဟတ်ယာဉ်
၂ စီးသည် ဩဂုတ်လ ၈ ရက်၊ နံနက် ၁၀ နာရီခန့်က ကျောက်ကြီးမြို့နယ်၊ ပဲသောင်ကျေးရွာ စာသင်ကျောင်းအနီးတဝိုက်တွင်
၅ ကြိမ်လာရောက်ပစ်ခတ်ခဲ့ရာ သစ်ပင်များသာ ထိခိုက်ပျက်စီး ခဲ့ကြောင်း သိရသည်။
.
ထိုသို့ လာရောက်ပစ်ခတ်သည့်
ရဟတ်ယာဉ် ၂ စီးကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ တပ်ရင်း (၉) မှ ပြန်လည်ပစ်ခတ်ခဲ့ရာ
ရဟတ်ယာဉ်တစ်စီး စက်ချို့ယွင်းပြီး ကညင်ကျေးရွာ စာသင်ကျောင်းဝင်းအတွင်းသို့ အရေးပေါ်
ဆင်းသက်ခဲ့ရခြင်းဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က
ထုတ်ပြန်ထားသည်။
.
ထို့အတူ ယမန်နေ့ ဩဂုတ်လ
၇ ရက်၊ ညနေပိုင်းကလည်း စစ်ကောင်စီတပ်သည် ဒိုးဒါးတာစုံမှ ကျောက်စရစ်ကျေးရွာ သို့ ဝင်ရောက်လာခဲ့ရာ
လိန်ပင်ကျေးရွာနှင့် ပဲသောင်ကျေးရွာအကြားတွင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်
(KNLA)၊ တပ်ရင်း (၉) နှင့်
ထိပ်တိုက် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
အဆိုပါ တိုက်ပွဲကြောင့်
နီးစပ်သော ကျေးရွာများဖြစ်သည့် ပဲသောင်၊ လိန်ပင်၊ ကျောက်စရစ်၊ သောင်ပု၊
အင်တိုင်းကုန်း နှင့် တောကြောင်ပေါက် စသည့်ကျေးရွာများမှ ကျေးရွာပြည်သူလူထုများ
ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရ ကြောင်း သိရသည်။
.