.
စစ်ကောင်စီကို တရားဝင်မှုပြုသည့်
အခြေအနေမျိုးကို ရှောင်ရှားဂရုပြုရန် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်
နိုလင်းဟေဇာကို အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (General
Strike Coordination Body - GSCB) က ယနေ့ ဩဂုတ်လ ၁၆ ရက်တွင် အထူးတိုက်တွန်းချက်တစ်ရပ် ထုတ်ပြန်တောင်းဆိုလိုက်သည်ဟု
သိရသည်။
.
.
ကုလသမဂ္ဂ
အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာ
အနေဖြင့် မြန်မာနိုင်ငံ သို့လာရောက်သည့်
ခရီးစဉ်တွင် အာဏာသိမ်း စစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်ကောင်စီကို
တရားဝင်မှု ပေးသည့် အခြေအနေမျိုးကို ရှောင်ရှား ဂရုပြုစေရန်နှင့် မြန်မာ
ပြည်သူလူထု၏ ဆန္ဒသဘောထားများနှင့်အညီ ရပ်တည် လှုပ်ရှား ဆောင်ရွက်သွားပါရန် ကျွန်ုပ်တို့
အနေဖြင့် အလေးအနက် တောင်းဆို ကြောင်း
GSCB က ထုတ်ပြန်ထားသည်။
.
ထို့အပြင်
မစ္စနိုလင်းဟေဇာ အနေဖြင့်
မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုပုံစံအားလုံးကို ချက်ချင်း ရပ်တန့်ရန်၊ စစ်အုပ်စုက
လေယာဉ်၊ လက်နက်ကြီးများအသုံးပြု၍ သာလွန် အင်အားဖြင့် ထိုးစစ်ဆင်နေမှုများကို ရပ်တန့်ရန်၊
ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားများ အားလုံး ခြွင်းချက်မရှိ ချက်ချင်း
လွတ်မြောက်စေရန်နင့် လိုအပ်နေသူ အားလုံးအတွက် လူသားချင်းစာနာမှုဆိုင်ရာ
အထောက်အပံ့များကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ (EROs) များမှ တဆင့် အတားအဆီးမဲ့
ပံ့ပိုးကူညီနိုင်ရေး ကိစ္စများကို အမြန်ဆုံး၊ အထိရောက်ဆုံး စီမံ ဆောင်ရွက်ပေးပါရန်
ကျွန်ုပ်တို့ အနေဖြင့် တောင်းဆိုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
ကုလသမဂ္ဂ
အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် နိုလင်းဟေဇာသည်
ယနေ့ ဩဂုတ်လ ၁၆ ရက်တွင် မြန်မာနိုင်ငံကို ရောက်ရှိလာပြီး မနက်ဖြန် ဩဂုတ်လ ၁၇ ရက်တွင်
နေပြည်တော်၌ စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံရန် ရှိနေကြောင်း
သိရသည်။
.
အလားတူ မစ္စနိုလင်းဟေဇာသည်
အကျဉ်းချခံနေရသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့်လည်း
တွေ့ဆုံခွင့်ရရန် တောင်းဆိုထားပြီး စစ်ကောင်စီဘက်က ငြင်းဆိုထားသည်ဟု သတင်းများတွင်
ဖော်ပြ ထားသည်။
.