.
တောင်ကြီးမြို့၊
ဗိုလ်ချုပ်အောင်ဆန်းပန်းခြံ အတွင်းမှာ တည်ရှိတဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး ၈၈၈၈
မော်ကွန်းကျောက်စာတိုင်ကို ဒီနေ့ ဩဂုတ်လ ၇ ရက်မှာ တွေ့မြင်ရတာ ဖြစ်ပါတယ်။
.
.ပုံမှန် စစ်အာဏာ
မသိမ်းမီ နှစ်များမှာတော့ ယနေ့လို ၈၈၈၈ နှစ်ပတ်လည်နေ့ အကြိုရက်မှာ ၈၈၈၈
အခမ်းအနားအတွက် ကြိုတင် ပြင်ဆင်မှုတွေ ပြုလုပ်သူများ၊ နိုင်ငံရေးသမားများ၊
ဒီမိုကရေစီ လိုလားကြသည့် ပြည်သူများနဲ့ စည်ကားနေလေ့ ရှိပါတယ်။
.
လက်ရှိ
စစ်အာဏာရှင် လက်အောက်မှာ ကျရောက်နေတဲ့ အချိန်မှာတော့ နိုင်ငံရေး သမိုင်းဆိုင်ရာ
မှတ်တမ်း အထိမ်းအမှတ် တည်နေရာ ဖြစ်တဲ့ ၈၈၈၈ ကျောက်တိုင် တည်နေရာဟာ တိတ်ဆိတ်
ငြိမ်သက်နေတာကို ပုံမှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။
.
၈၈၈၈
နှစ်ပတ်လည်နေ့ အခမ်းအနားကိုတော့ စစ်အာဏာ မသိမ်းမီ အရပ်သားအစိုးရလက်ထက် ၂၀၂၀
ခုနှစ်က နောက်ဆုံးအကြိမ်အဖြစ် ကျင်းပနိုင်ခဲ့ပါတယ်။ စစ်အာဏာ သိမ်းပြီး
နောက်ပိုင်းမှာတော့ စစ်အာဏာရှင် လက်ပါးစေတွေရဲ့ ဖိနှိပ်မှုကြောင့်
မကျင်းပနိုင်တော့ပါဘူး။
.
ပုံကို ကြည့်ပြီး
တစ်ခုခုကို တွေးထင်မိတာများ ရှိရင် စာဖတ်သူများအနေနဲ့ ကွန့်မန့်မှာ မှတ်ချက်
ရေးသားမျှဝေနိုင်ကြသလို ချက်ဘောက်ကနေလည်း ပြောဆိုနိုင်ပါတယ်။
.
မြန်မာနိုင်ငံရဲ့
ပထမဆုံး ၈၈၈၈ မော်ကွန်းကျောက်စာတိုင်ကို ပြီးခဲ့တဲ့ ၂ဝ၁၆ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်၊
စနေနေ့မှာ တောင်ကြီးမြို့မှာ ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ ကျောက်တိုင် ဖွင့်ပွဲ
အခမ်းအနားကို လက်ရှိ စစ်ကောင်စီက နှစ်ရှည်ထောင်ဒဏ် ချမှတ်ထားတဲ့
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် ၊ ပြည်နယ် စီမံကိန်းနှင့်
ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်နဲ့ တာဝန်ရှိသူတွေက ဖွင့်လှစ်ပေးခဲ့တာ ဖြစ်ပါတယ်။
အခမ်းအနားကို မကြာသေးခင်က စစ်ကောင်စီက သေဒဏ်ပေးလိုက်တဲ့ ၈၈ ကျောင်းသားခေါင်းဆောင်
ရှမ်းပြည်နယ်သား ကိုဂျင်မီ လည်း တက်ရောက်ပြီး မိန့်ခွန်း ပြောခဲ့ပါသေးတယ်။
.
ထိုကျောက်တိုင်
ဖြစ်မြောက်ရေး ကြိုးပမ်းခဲ့ကြတဲ့ တောင်ကြီးမြို့က ၈၈ မျိုးဆက် ခေါင်းဆောင်
အချို့ကတော့ စစ်ကောင်စီရဲ့ မတရား ဖမ်းဆီး ထောင်ချမှုကို ခံနေကြရပါတယ်။
.
၈၈၈၈
မော်ကွန်းကျောက်တိုင်ဟာ မြန်မာနိုင်ငံရဲ့ ပထမကျောက်တိုင် ဖြစ်သလို
တောင်ကြီးမြို့မှာလည်း ကျောက်တိုင်အနေနဲ့ ပထမကျောက်တိုင် ဖြစ်ပါတယ်။ ဒုတိယဟု
ရောထွေးသွားခြင်းမှာ ၈၈၈၈ အရေးတော်ပုံ ကာလက တောင်ကြီးမြို့မှာ ပထမဦးဆုံး
စိုက်တည်ထားဖြစ်သော ''တောင်ကြီး
၈၈၈၈ အထိမ်းအမှတ် ပထမတိုင်''မှာ
သစ်သားတိုင်သာလျှင် ဖြစ်ပါတယ်။ ၈-၈-၈၈ ခုနှစ် နံနက်ပိုင်းမှာ တစ်နိုင်ငံလုံး
တစ်ပြိုင်တည်း ဆန္ဒထုတ်ဖော်ကြမယ့် အစီအစဉ်အရ အထက(၄) ရှေ့မှာ စတင် စုဝေးဖြစ်ခဲ့တဲ့
အချက်ကို အမှတ်တရ အထိမ်းအမှတ်တိုင် အဖြစ် စိုက်ထူထားရှိရန် ရွေးချယ်ခဲ့ပြီး
သစ်သားတိုင်ကိုလည်း စိုက်ထူဖြစ်ခဲ့တာပါ။
.
ဒါပေမဲ့ အဲဒိ ၈၈၈၈
အထိမ်းအမှတ် သစ်သားတိုင်ကို စစ်တပ်က မိုင်းနဲ့ ခွဲပြီး ဖျက်ဆီးလိုက်တယ်လို့
သိရပါတယ်။ "အမှန်တရားသည် တစ်နေ့ ပေါ်ထင်လာစမြဲ" ဆိုသလို သစ်သားတိုင်
အစား ယခုတွင်တော့ မော်ကွန်းကျောက်တိုင်ဟာ တိတ်ဆိတ်နေသော်လည်း ဝင့်ကြွားစွာနဲ့
တည်ရှိနေပါတယ်။ နောင်လည်း တည်ရှိနေမြဲ ဖြစ်မှာပါ။
.
နောက် မကြာမီ နှစ်
အနည်းငယ်အတွင်းမှာ အထက်ပါ ၈၈၈၈ ကျောက်တိုင်ကဲ့သို့ပင် လက်ရှိ နွေဦးတော်လှန်ရေးတွင်
ပါဝင်ကြသူ အာဇာနည်၊ သူရဲကောင်းများကို ဂုဏ်ပြု ဖော်ကျူးမယ့် မော်ကွန်းကျောက်တိုင်
တစ်ခု ထပ်မံ ပေါ်ထွန်း လာဦးမည်မှာ မလွဲ ဧကန်ပင်။
.
ယင်းကဲ့သို့
နွေဦးတော်လှန်ရေးတွင် ပါဝင်ကြသူ အာဇာနည်၊ သူရဲကောင်းများကို ဂုဏ်ပြု ဖော်ကျူးမယ့်
မော်ကွန်းကျောက်တိုင် ဖြစ်တည်လာပါက မည်သည့် အမည်ဖြင့် ခေါ်ဆိုထိုက်သည်ကိုမူ။ ။
.