စစ်အာဏာရှင်စနစ်အား အမြစ်ပါမကျန် တိုက်ခိုက်ချေမှုန်းသွားမည်ဟု ရှမ်းတောင် အမှတ် (၁၀၀၅) တပ်ရင်း ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စစ်အာဏာရှင်စနစ်အား အမြစ်ပါမကျန် တိုက်ခိုက်ချေမှုန်းသွားမည်ဟု ရှမ်းတောင် အမှတ် (၁၀၀၅) တပ်ရင်း ထုတ်ပြန်

.

စစ်အာဏာရှင်စနစ်အား အာဇာနည်သူရဲကောင်းများနည်းတူ သွေးတစ်စက် ကျန်သည်အထိ အမြစ်ပါမကျန် တိုက်ခိုက် ခြေမှုန်းသွားမည်ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း (၁၀၀၅) ရှမ်းတောင် က ယနေ့ ဩဂုတ်လ ၇ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်ဟု သိရသည်။

.

.

အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း (၁၀၀၅) ရှမ်းတောင်၏ ဖွဲ့စည်းထူထောင်ခြင်း တစ်နှစ်ပြည့် အထိမ်းအမှတ် အဖြစ် အဆိုပါ ကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

.

ထုတ်ပြန်ချက်တွင် အမှတ် (၁၀၀၅) တပ်ရင်း (ရှမ်းတောင်) မှ ကျဆုံးခဲ့ရသော စစ်သည်တော် ထွန်းလင်းဦး (ခ) ဂျပန်ကြီးနှင့်အတူ တစ်နိုင်ငံလုံးမှ စစ်အာဏာရှင်စနစ်အား အသက်စွန့်လွှတ်၍ ခုခံ တိုက်ခိုက်ခဲ့ကြသော ပြည်သူ့ ကာကွယ်ရေးတပ်မတော် စစ်သည်တော်များ၊ ဒေသကာကွယ်ရေးအဖွဲ့ဝင်များနှင့် ပြည်သူလူထုအပေါင်းအား အာဇာနည်များအဖြစ် သတ်မှတ်ဦးညွတ်ပါကြောင်း ဖော်ပြပါရှိသည်။

.

စစ်အာဏာရှင်တို့သည် အခြေအနေအရပ်ရပ်တွင် ၎င်းတို့၏ ကျရှုံးနေမှုများအတွက် ပြည်သူလူထုအပေါ် လက်စားချေ သတ်ဖြတ်ခြင်းများ ယခုထက်ပိုမို၍ ကျူးလွန်လာနိုင်သည့်အတွက် စစ်အာဏာရှင်များကို ထိပ်တိုက်ရင်ဆိုင်ခြင်းထက် ဘေးလွတ်ရာသို့တိမ်းရှောင်ရန်၊ နေအိမ်များတွင် ချန်ရစ်နေထိုင်ခြင်းမပြုရန် သတိပေးလိုကြောင်းကိုလည်း တပ်ရင်း (၁၀၀၅) ရှမ်းတောင်က အသိပေးထုတ်ပြန်ထားသည်။

.

ထို့အပြင် ပြည်သူလူထုအနေဖြင့် မိမိတို့ နေထိုင်ရာ နေမြေအတွင်းရှိ စစ်အာဏာရှင်များအား ခုခံတိုက်ခိုက်နေသော လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များထံသို့ စစ်အာဏာရှင်များ၏ သတင်းများ ပေးပို့ခြင်း၊ ပူးပေါင်းပါဝင် တိုက်ခိုက်ခြင်း များလည်း ပြုလုပ်နိုင်ကြောင်း နှိုးဆော်ထားသည်။

.

စစ်အာဏာရှင်များနှင့် ၎င်းတို့၏ လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှုများကို ရန်သူနှင့် ရန်သူ့လုပ်ရပ်များ အဖြစ် ခံယူပြီး တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့ တိုက်ခိုက်ချေမှုန်းရာတွင်လည်း ရန်သူ၏ ရန်သူများ နှင့် မိတ်ဆွေများအဖြစ် ပူးပေါင်းလက်တွဲ တိုက်ခိုက်သွားမည်ဖြစ်ကြောင်း တပ်ရင်း (၁၀၀၅) ရှမ်းတောင် က ထုတ်ပြန် ထားသည်။

.

Journal Download

Photo of three cats