.
မြို့တော်တောင်ကြီးတွင်
ပြီးခဲ့သည့် ဇူလိုင်လအတွင်းမှစတင်ကာ ဆိုင်ကယ်စီးနင်းရာတွင် ဆိုင်ကယ်စီးဦးထုပ် မပါသူ
များကို နေ့စဉ် ဖမ်းဆီး၍ ဒဏ်ကြေးငွေ ကောက်ခံလျက်ရှိကြောင်း သိရသည်။
.
.ဆိုင်ကယ်စီးဦးထုပ်
ဆောင်းမလာပါက ဖမ်းဆီးခံရချိန်တွင် ဆိုင်ကယ်တစ်စီးလျှင် ဒဏ်ကြေးငွေ ၃၀၀၀၀ ကျပ် ကောက်ခံနေသည့်အတွက်
မြို့ပေါ်နေ ပြည်သူများအနေဖြင့် ဆိုင်ကယ်စီးနင်းရာတွင် ဆိုင်ကယ်စီးဦးထုပ် ဆောင်းရန်
လိုအပ်ကြောင်း ဒေသခံများက ပြောသည်။
.
“ဦးထုပ်မဆောင်းတာကို
အဓိကထားပြီး ဖမ်းတာပေါ့။ ဖမ်းမိရင် ဒဏ်ငွေ ၃၀၀၀၀ ဆောင်ရတယ်။ ပိုက်ဆံရှာရ ခက်ခဲ နေချိန်မှာ
၃၀၀၀၀ ဆိုတဲ့ ပိုက်ဆံက မလွယ်ဘူးလေ။ ဆိုင်ကယ်စီးတဲ့အချိန် ဦးထုပ်ဆောင်းသွားတာ အကောင်းဆုံးပါပဲ”
ဟု တောင်ကြီးမြို့ပေါ်နေ ဒေသခံတစ်ဦးက ပြောသည်။
.
ထိုသို့ ဒဏ်ကြေးငွေ
ပေးဆောင်ရာတွင်လည်း ချလန် လက်မှတ်များဖြင့် စနစ်တကျ ပေးဆောင်ရခြင်းမဟုတ်ဘဲ အလွတ် ပေးဆောင်ရခြင်းသာဖြစ်သည်ဟု
ဒဏ်ငွေပေးဆောင်ခဲ့ရသူများထံက သိရသည်။
.
ယင်းကဲ့သို့ ဆိုင်ကယ်စီးဦးထုပ်
မဆောင်းပါက ဖမ်းဆီးဒဏ်ရိုက်မှုအပြင် မည်သည့်ဆိုင်ကယ်မဆို နံပါတ်ပြား မပါပါက တစ်ချပ်လျှင်
၅၀၀၀ ကျပ်နှုန်းဖြင့် ဝယ်ယူခိုင်းကြောင်း သိရသည်။
.
တောင်ကြီးမြို့၊ ဗိုလ်ချုပ်လမ်းမပေါ်ရှိ
ယာဉ်ထိန်းရုံးရှေ့၊ စူဠာမုနိဘုရား တောင်ဘက်လမ်းဆုံ၊ အရှေ့မြို့ပတ်လမ်း၊ ဝန်ကြီးချုပ်အိမ်တော်ကွေ့၊
တောင်ကျောင်းကြီး စာသင်တိုက်တောင်ဘက် ညောင်ပင်အောက်နှင့် မြို့ပေါ် အခြားနေရာများတွင်
ယာဉ်ထိန်းရဲများက နေ့စဉ် ဖမ်းဆီးဒဏ်ရိုက်မှုများ ရှိနေကြောင်း သိရသည်။
.