.
တောင်ကြီးမြို့ပေါ်ရှိ ဗိုလ်ချုပ်အောင်ဆန်းလမ်းမ အပါအဝင် လမ်းဘေး ဖြူနီကြား နေရာများတွင် ရပ်နားသည့် ယာဉ်များကို စစ်ကောင်စီ၏ ယာဉ်ထိန်းရဲများက လိုက်လံဖမ်းဆီးနေသည့်အတွက် လမ်းမဘေးရှိ ဈေးဆိုင်ခန်းရှင် များနှင့် ဈေးဝယ်သူ ပြည်သူလူထုများအတွက် အခက်အခဲ ဖြစ်ပေါ်နေရကြောင်း သိရသည်။
.
.
“ကား၊ ဆိုင်ကယ် လိုင်စင်စစ်တယ်၊
ဖမ်းတယ်။ အခုတစ်ခါ ဖြူနီကြားရပ်ရင် ဖမ်းတယ်။ အမျိုးမျိုးကို လုပ်စားနေကြ တာပါ။ မိန်းလမ်းတစ်လျှောက်လုံးက
ဖြူနီကြားတွေချည်းပဲ။ အဲဒီလိုမှ ရပ်လို့မရရင် အဲဒီလမ်းဘေးက ဈေးဆိုင်ခန်းတွေ ဘယ်လိုဈေးရောင်းရတော့မလဲ။
ဝယ်တဲ့သူလည်း လာဝယ်လို့မရ၊ ရောင်းတဲ့သူလည်း ရောင်းလို့မရ၊ အားလုံးဒုက္ခ ရောက်အောင်
နည်းအမျိုးမျိုးနဲ့ လုပ်နေကြတာပါ” ဟု တောင်ကြီးဒေသခံတစ်ဦးက ပြောသည်။
.
ယင်းကဲ့သို့ ဖြူနီကြားနေရာတွင်
ရပ်နားသည့်ယာဉ်များအား ဖမ်းဆီးမှုကို ဩဂုတ်လ ၂၂ ရက်မှ စတင်၍ ဆောင်ရွက် နေခြင်းဖြစ်ပြီး
စစ်ကောင်စီလက်အောက်ခံ ရဲ၊ ယာဉ်ထိန်းရဲ၊ စည်ပင်နှင့် ဌာနဆိုင်ရာများက ပူးပေါင်းလုပ်ဆောင်နေခြင်း
ဖြစ်ကြောင်း သိရသည်။
.
တောင်ကြီးမြို့ပေါ်တွင်
ဖြူနီကြား အမှတ်အသားပါရှိသော ကပ်တုံးနှင့် တိုင်နေရာများတွင် ယာဉ်ရပ်နားခြင်းမပြုရန်
စစ်ကောင်စီ၏ ယာဉ်ထိန်းရဲတပ်ဖွဲ့က တားမြစ်ထားပြီး ယင်းနေရာများတွင် မော်တော်ယာဉ်အား
အချိန်ကြာမြင့်စွာ ရပ်နားထားပါက ယာဉ်အား ကရိန်ဖြင့် သယ်ဆောင်သိမ်းဆည်းမည့်အပြင် ကုန်ကျစရိတ်ကို
ယာဉ်ပိုင်ရှင်မှ ကျခံရမည် ဖြစ်ကာ အပျက်အစီးအတွက် တာဝန်ယူမည်မဟုတ်ကြောင်း ကြေညာထားသည်။
.
တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမတစ်လျှောက်တွင်
မီနီမားကက်များ၊ လူသုံးကုန်ပစ္စည်းရောင်းချသည့် ဈေးဆိုင်များ အများဆုံး တည်ရှိနေပြီး
ယခုကဲ့သို့ ဖြူနီကြား သတ်မှတ်ထားသည့်အတွက် ဈေးရောင်းချသူများနှင့် ဈေးဝယ်သူ ပြည်သူလူထုများ
အခက်အခဲဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
.