တောင်ကြီးမြို့ နာရီစင်ညစျေး စျေးသည်အချို့ရပ်တည်ရန် ခက်ခဲ၍ ပိတ်သိမ်းမှုများ ရှိလာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့ နာရီစင်ညစျေး စျေးသည်အချို့ရပ်တည်ရန် ခက်ခဲ၍ ပိတ်သိမ်းမှုများ ရှိလာ


တောင်ကြီးမြို့၊ မြို့မစျေးကြီးတောင်ဘက်ရှိ နာရီစင်ညစျေးတန်းတွင် ရောင်းချနေသည့် စျေးသည်အချို့ရပ်တည်ရန် ခက်ခဲလာသည့် အတွက် ပိတ်သိမ်းမှုများ ရှိလာကြောင်း သိရသည်။

.

COVID-19 ကပ်ရောဂါနှင့် အတူ စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း ပြည်တွင်း ခရီးသွားလာမှု မရှိသလောက် ဖြစ်သွားခဲ့ပြီး ဧည့်သည် ဝင်ရောက်မှုနည်းပါးသွားသည့်အတွက် ညစျေး ရောင်းချသည့် စျေး သည်များ ဆက်လက် ရပ်တည်ရန် ခက်ခဲလာနေခြင်းဖြစ်သည်။

.


" ပုံမှန်အတိုင်း ဧည့်သည်တွေ လာနေရင် စျေးရောင်းရတာ အဆင်ပြေပါတယ်။ အခု ခရီးဝေး ဧည့်သည်တွေ မလာတော့ ရောင်းအား ပါးသွားတာပေါ့။ ရေရှည် ရပ်တည်ဖို့ အတွက် မနည်း ရုန်းကန်ရဦးမှာ။ " ဟု စျေးသည် တစ်ဦးက ပြောသည်။

.

နာရီစင်ညစျေးတန်းသည် သက်တမ်းရှည် စျေးတစ်ခု ဖြစ်ပြီး တောင်ကြီးမြို့၏ အထင်ကရနေရာ တစ်ခုလည်း ဖြစ်ကာ နယ်ဝေးဧည့်သည်များအား အဓိကအားပြု ရောင်းချနေရသည့်အတွက် ယခုအခါ အချို့ ဆိုင်များအနေဖြင့် စျေးဦးပေါက်ရန်ပင် ခက်ခဲသည်အထိ ကြုံတွေ့နေရကြောင်း သိရသည်။

.

" မိသားစု စားဝတ်နေရေးအတွက် မဖြစ်မနေ ရုန်းကန်နေရတာပေါ့။ စျေးရောင်းကတော့ တော်တော်ကြီးကို ပါးသွားတာ။ ဧည့်သည်တွေ မဝင်တော့ တချို့ဆိုင်တွေ စျေးတောင် မထွက်နိုင်ကြတော့ဘူး။" ဟု ညဈေး ရောင်းချသူ တစ်ဦးက ပြောသည်။

.


စားသုံးသူ နည်းပါးလာခြင်း အပြင် ကုန်ဈေးနှုန်း ကြီးမြင့်လာခြင်းနှင့် လုံခြုံမှု မရှိခြင်းကလည်း ဈေး ရောင်းအားကို သိသာစွာ လျော့နည့်စေခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

.

တောင်ကြီးမြို့ပေါ်တွင် နာရီစင်ညစျေး၊ Night 38 ညစျေး နှင့် အခြား ညစျေးတန်းအချို့ ရှိပြီး ရောင်းချသည့် စျေးသည်အများစုမှာ ရပ်တည်ရန် အခက်အခဲနှင့်ကြုံတွေ့နေရခြင်း ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats