တောင်ကြီးမြို့၌ ယနေ့ သြဂုတ်လ ၂၂ ရက်၊ နံနက်ပိုင်းမှ စတင်၍ ဖြူနီကြား နေရာများတွင် ရပ်နားမိသည့် ယာဉ်များကို စတင် ဖမ်းဆီးနေကြောင်း သိရသည်။
.
တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံ မီးပွိုင့်နှင့် မြို့မစျေးကြီး
ဝန်းကျင်တွင် အဓိက စစ်ဆေးနေကာ ဗိုလ်ချုပ်အောင်ဆန်းလမ်း တစ်လျှောက်၌ သတ်မှတ်ထားသည့်
ဖြူနီကြား ကပ်တုံးနေရာများတွင် ဖမ်းဆီးနေခြင်း ဖြစ်ပြီး ဖမ်းဆီးခံရပါက ယာဉ်ထိန်းရုံးတွင်
သွားရောက်ဒဏ်ငွေ ဆောင်ရသည်ဟု သိရသည်။
.
“ ဒီမနက် စျေးနားသွားတော့ အရင်လိုပဲ လမ်းဘေးမှာ ဆိုင်ကယ် ရပ်လိုက်တာပေါ့။
ရပ်လိုက်ရုံ ရှိသေးတယ် မော်တော်ပီကယ် ရောက်လာပြီး အဖမ်းခံရတာ။ သူတို့ရုံးကို လိုက်သွားပြီး
ဒဏ်ငွေဆောင်ခဲ့ရတယ်။” ဟု ဖမ်းဆီးခံရသူ တစ်ဦးက ပြောသည်။
.
အဆိုပါ ဖမ်းဆီးမှုကို စစ်ကောင်စီ လက်အောက်ခံ ရဲ၊ ယာဉ်ထိန်း၊ စည်ပင်
နှင့် အခြားဌာနဆိုင်ရာအဖွဲ့များက ပူးပေါင်းဆောင်ရွက်နေခြင်း ဖြစ်သည်ဟု ၎င်းထံမှ သိရသည်။
.
တောင်ကြီးမြို့ အတွင်း ဖြူ/နီကြား အမှတ်အသား ပါရှိသော
ကပ်တုံးနှင့် တိုင်နေရာ တို့တွင် မော်တော်ယာဉ်အား ရပ်ဆိုင်းခြင်း၊ ရပ်နားခြင်း
မပြုလုပ်ရန် စစ်ကောင်စီ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့က တားမြစ်ထားပြီး ယင်းနေရာများတွင်
မော်တော်ယာဉ်အား အချိန် ကြာမြင့်စွာ ရပ်နားထားသည့် ယာဉ်မောင်းအား ဆက်သွယ်၍ မရပါက ယာဉ်အား
ကရိန်း အသုံးပြု၍ သယ်ဆောင်၍ ကုန်ကျစရိတ်အား ကျခံရမည့် အပြင် ပျက်ဆီးမှုအား
တာဝန်ယူမည် မဟုတ်ကြောင်း ကြေညာထားသည်။
.
ထို့အတူ မော်တော်ယာဉ်၏ ရှေ့လေကာမှန် အတွင်း၌
ဆက်သွယ်ရန် ဖုန်းနံပါတ်ကို ရေးသားထားရန်နှင့် လိုင်စင်မဲ့ယာဉ် ဖြစ်ကြောင်း
စစ်ဆေးတွေ့ရှိပါကအရေးယူခံရမည် ဖြစ်ပြီး ပိုင်ရှင်မှ လာရောက် မဖြေရှင်းပါက
ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းမည်ဟုလည်း ကြေညာချက်တွင် တွေ့ရသည်။
.