.
.
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပခဲ့သော ရွေးကောက်ပွဲ ရလဒ်၏ ပြည်သူလူထု အများစု ရွေးချယ် မဲပေးမှုအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် တစ်နိုင်ငံလုံးတွင် သောင်ပြို ကမ်းပြို အနိုင်ရရရှိခဲ့သည်။
ပြည်သူလူထု အကျိုးအတွက် အမှန်တကယ် ဆောင်ရွက်မည့် ပြည်သူ့ကိုယ်စားလှယ်နှင့် ပြည်သူ့ အစိုးရအဖွဲ့များ ပေါ်ပေါက်လာပါက မတရား (မသထာရေစာ) မျိုဆို့ထားသော စစ်ကောင်စီ အဖွဲ့ဝင်များ၊ အထူးအားဖြင့် စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်၏ တရားမဝင် ပိုင်ဆိုင်မှုများကို ခြိမ်းခြောက် လာနိုင်သည့်အတွက်
၂၀၂၀ ပြည့်နှစ်၊
ဖေဖော်ဝါရီလ ၁ ရက်၊ တတိယအကြိမ် လွှတ်တော်များ ခေါ်ယူမည့်နေ့တွင် စစ်တပ် (အာဏာသိမ်း
စစ်ကောင်စီ) က ရွေးကောက်ပွဲ မဲစာရင်း မသမာမှု ရှိခဲ့သည်ဟုဆိုကာ ပြည်သူလူထု
ရွေးကောက်ခံ အရပ်သားအစိုးရ တစ်နည်းအားဖြင့် ပြည်သူလူထုကို စော်ကားမော်ကားပြုကာ
လက်နက်အားကိုးဖြင့် နိုင်ငံ့အာဏာကို မတရားနည်းဖြင့် ရယူခဲ့သည်။
.
၂၀၀၈ ခုနှစ်၊
ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်အာဏာကို မည်သို့ ထိန်းသိမ်းသည် ဆိုစေကာမူ
၎င်းတို့၏ လုပ်ရပ် သည် ၎င်းတို့ကိုယ်တိုင် ပြဌာန်းခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံနှင့်
ညီညွတ်ခြင်းမရှိသလို ပြည်သူလူထုမှ တာဝန် ပေးအပ် ထားသော (၂၀၂၀ ရွေးကောက်ပွဲ
အနိုင်ရ) လွှတ်တော်ကိုယ်စားလှယ်များ၏ သဘောဆန္ဒ လုံးဝဥဿုဉ် ပါဝင်ခြင်း မရှိသည်ကို
အားလုံးအသိပင် ဖြစ်သည်။
.
ရွေးကောက်ပွဲအနိုင်ရ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ (နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်း စုကြည်) အပါအဝင် NLD ခေါင်းဆောင်များအားလုံးကို မတရား ဖမ်းဆီးထောင်ချခဲ့သည့် စစ်ကောင်စီသည် လာမည့်
၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် ရွေးကောက်ပွဲ လုပ်ပေးမည်ဟု ဆိုလာပြန်သည်။
.
ယင်း စစ်ကောင်စီမှ
ပြုလုပ်မည့် ရွေးကောက်ပွဲသည် နိုင်ငံတကာ အသိုင်းအဝိုင်းအတွက် စစ်ကောင်စီ၏
ထွက်ပေါက်တစ်ခု (သို့မဟုတ်) ယုဂ်ပြတစ်ခုသာဖြစ်သည်ကို ပြည်သူများ သတိပြုသင့်သည်။
.
တကယ်တမ်းအားဖြင့်
လွတ်လပ်သည့် အရပ်သားအစိုးရ လက်အောက်တွင် ပြုလုပ်ခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်
ရှိပါလျက်နှင့် အဘယ်ကြောင့် ယင်းရွေးကောက်ပွဲကို မဲစာရင်းမသမာမှု ဟု ဆိုကာ
စစ်ကောင်စီ က အာဏာလုယူ ပါသနည်း။
.
အဖြေကား
ရှင်းပါသည်။ ပြည်သူလူထု အကျိုးအတွက် အမှန်တကယ် ဆောင်ရွက်မည့်
ပြည်သူ့ကိုယ်စားလှယ်နှင့် ပြည်သူ့ အစိုးရအဖွဲ့များ ပေါ်ပေါက်လာပါက မတရား
(မသထာရေစာ) မျိုဆို့ထားသော စစ်ကောင်စီ အဖွဲ့ဝင်များ၊ အထူးအားဖြင့်
စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်၏ တရားမဝင် ပိုင်ဆိုင်မှုများကို
ခြိမ်းခြောက် လာနိုင်သည့်အတွက် အာဏာသိမ်းခြင်းဖြစ်ပါသည်။
.
မင်းအောင်လှိုင်၏
လမ်းပြဆရာ အာဏာရှင် နေဝင်း လမ်းပြခဲ့သလို ၎င်းကိုတိုင် ရွေးကောက်ပွဲ လုပ်၊
၎င်းကိုယ်တိုင် နိုင်ငံတော်သမ္မတကြီး လုပ်ချင်သည့်အတွက်လည်း
အာဏာသိမ်းခြင်းဖြစ်သည်။
.
နေပြည်တော်ရှိ
နိုင်ငံတော်သမ္မတအိမ်တော်ကို အကြီးစား ပြင်ဆင်မှုများ ပြုလုပ်နေကြောင်းလည်း
မကြာသေးမီ ရက်ပိုင်း အတွင်းကပင် သတင်းများ ထွက်ပေါ်နေသည်။
.
အာဏာသိမ်းခေါင်းဆောင်
မင်းအောင်လှိုင်သည် ၎င်းကိုယ်တိုင် နစက ဥက္ကဋ္ဌ လုပ်၍ အားမရဘဲ နိုင်ငံတော်
ဝန်ကြီးချုပ် ရာထူးကို (၂၀၀၈ ဖွဲ့စည်းပုံတွင်မပါဘဲ) ရယူခဲ့သလို စစ်ဝတ်ချွတ်ပြီး
အရပ်ဝတ်ဖြင့် နိုင်ငံတော် သမ္မတကြီး ဖြစ်ချင်နေပုံ ရသည်။
.
၂၀၂၃ တွင်
ကျင်းပမည့် စစ်ကောင်စီ အလိုကျ ရွေးကောက်ပွဲသည်လည်း ၎င်းတို့ အလိုကျ နိုင်ငံရေး
ပါတီများကို ပွဲထုတ်ပြီး မင်းအောင်လှိုင်ကိုယ်တိုင် သမ္မတ လုပ်မည်ဆိုသည်မှာ
မြေကြီးလက်ခတ်မလွဲပင်။
.
တစ်ဖန်
ရန်ကုန်မြို့ရှိ ပုတ်သင်ညိုဌာနချုပ် (ညောင်နှစ်ပင်) ကိုလည်း ပြင်ဆင်နေသည်ဟု
သိရသည်။ စစ်အာဏာသိမ်း ခေါင်းဆောင် အနေဖြင့် မြန်မာပြည်ကြီးကို ၎င်း၏
မိဘဘိုးဘွားအပိုင်ကဲ့သို့ လုပ်ဆောင်နေသည်မှာ အားလုံးအသိပင် ဖြစသည်။
.
နိုင်ငံတကာ ဖိအားများအရ
၂-၂၃ ရွေးကောက်ပွဲကို စစ်ကောင်စီအနေဖြင့် မဖြစ်မနေ ကျင်းပရမည်ဖြစ်သော်လည်း
စစ်အာဏာသိမ်းခေါင်းဆောင် (နိုင်ငံတော်ဝန်ကြီးချုပ် ဟုဆိုသူ) မင်းအောင်လှိုင် မှ
နိုင်ငံတော်သမ္မတကြီး မင်းအောင်လှိုင်သို့ အာဏာလွှဲအပ်ပေးမည့် ရွေးကောက်ပွဲ
သို့မဟုတ် စစ်အာဏာရှင် သက်ဆိုးရှည်ရေး ဟန်ပြရွေးကောက်ပွဲ ပြုလုပ်မည် ကို
နိုင်ငံရေးပါတီများ အနေဖြင့် သတိပြုသင့်ပါသည်။
.
အာဏာသိမ်း
စစ်ကောင်စီအနေဖြင့် ၎င်းတို့ သက်ဆိုးရှည်ရေးအတွက် စီမံကိန်း အဆင့်ဆင့်
ပြင်ဆင်ထားသည်ကို သတိပြုသင့်ပါသည်။ ၁၉၉၀ ခုနှစ်၊ မေလ ၂၇ ရက်တွင် ကျင်းပခဲ့သည့်
ရွေးကောက်ပွဲတွင် အနိုင်ရပါတီ (NLD) ရှိပါလျက်နှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ အကြောင်းပြ၍ နှစ်ပေါင်း ၂၀ ခန့်
အချိန်ဆွဲ၍ ပုတ်သင်ညို (ညောင်နှစ်ပင်) ညီလာခံကို အကြောင်းပြုကာ စစ်အာဏာရှင်
သက်ဆိုးရှည်ရေး ဆောင်ရွက်ခဲ့ဖူးပါသည်။
.
ယခု ၂၀၂၃ တွင်
ကျင်းပမည့် စစ်ကောင်စီ၏ ရွေးကောက်ပွဲသည်လည်း ယုံကြည်နိုင်စရာ အကြောင်းမရှိသလို
ဆင့် အဝှာ ခွေး မျှော်သလို မျှော်လင့်နေမည့် နိုင်ငံရေးပါတီများအတွက်
မျှော်လင့်ချက်မရှိဟုသာ မှတ်ချက်ပြုလိုပါသည်။
.
အချုပ်အားဖြင့်
ပြည်သူ့တော်လှန်ရေး၊ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်တော်လှန်ရေး၊ ဖယ်ဒရယ်ဒီမိုကရေစီစနစ်
တည်ထောင်ရေးသည်သာ ပြည်သူလူထု တိုင်းရင်းသားတစ်ရပ်လုံး၏ ဘုံရည်မှန်းချက်သာဖြစ်ပြီး
စစ်အာဏာရှင် မှ ပေးမည့် မဆိုစလောက် အခွင့်အရေးများကိုသာ
မျှော်လင့်မနေသင့်ပါကြောင်းနှင့် စစ်ကောင်စီမှ ပြုလုပ်မည့် ၂၀၂၃ ရွေးကောက်ပွဲသည်
စစ်အာဏာရှင် သက်ဆိုးရှည်ရေးသာ ဖြစ်ပါတော့ကြောင်း . . . ။ ။
.