.
ကရင်ပြည်နယ်၊ မြဝတီ-ဝေါ်လ
ကားလမ်းမပေါ်တွင် ယမန်နေ့ ဩဂုတ်လ ၁၉ ရက်က စစ်ကောင်စီ၏ တပ်မ (၄၄) လက်အောက်ခံ ခမရ
(၁၀၂) နှင့် ကော်ဘရာစစ်သည်များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၆
ဦး သေဆုံးကာ ၂ ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။
.
.စစ်ကောင်စီ၏ တပ်မ
(၄၄) လက်အောက်ခံ ခမရ (၁၀၂)သည် ဩဂုတ် ၁၉ ရက်၊ နံနက် ၃ နာရီခွဲခန့်က မြဝတီ-ဝေါ်လေ
ကားလမ်းမ ပေါ်ရှိ ဘုရားကုန်းသို့ ကျူးကျော်သိမ်းပိုက်ရန် ဝင်ရောက်လာသဖြင့်
လုံခြုံရေး တာဝန်ယူဆောင်ရွက် နေသော ကော်ဘရာစစ်သည်တော်များနှင့် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ
၆ ဦး သေဆုံး၍ ၂၁ ဦး အပြင်းအထန် ဒဏ်ရာရရှိကာ ၂ ဦးကို အရှင်ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
အဆိုပါ အရှင်ဖမ်းမိသော
စစ်ကောင်စီတပ်သား ၂ ဦးနှင့်အတူ MA (1) သေနတ် တစ်လက်၊ MA (2) သေနတ်
၁ လက်၊ ကျည်ကာ စစ်ခမောက် ၂ လုံး၊ RPG
ဗုံးသီး ၂ လုံး၊ RPG ပို့ယမ်း ၂ တောင့်၊ ကျည်ကာ အီကွေ့မန့် ၂ ခု၊
၅ ဒသမ ၅၆ ကျည် ၁၀၀၀ တောင့်၊ ကျည်ဘောက် ၇ ခု၊ ၄၀ မမ ဗုံးသီး ၆ လုံး၊ ၆၀ မမ ဗုံးသီး ၄
လုံးတို့ အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
အရှင် ဖမ်းဆီး
ရမိသော စစ်ကောင်စီ တပ်သား ၂ ဦးမှာ ဒုတပ်ကြပ် ထင်ကျော် နှင့် တပ်သားမင်းသူ တို့ဖြစ်ပြီး
ဂျီနီဗာ ကွန်ဗားရှင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ ချမှတ်ထားသော စစ်သုံ့ပန်း
စည်းမျဉ်း ဥပဒေများနှင့်အညီ ကောင်းမွန်စွာ
ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။
.
ထို့နောက် ယင်းနေ့
နံနက် ၈ နာရီ အချိန်ခန့်တွင် စစ်ကောင်စီမှ တိုက်ခိုက်ရေး တပ်ရင်းများ၊ လက်ရုံးတပ်ဖွဲ့များဖြင့်
အင်အားတိုးချဲ့ကာ ထပ်မံစုဖွဲ့ ပြင်ဆင်ပြီး လက်နက်ကြီး၊ လက်နက်ငယ်များ ပုံအော
ပစ်ခတ်ကာ ပြန်လည် ကျူးကျော် ထိုးစစ်ဆင်ခဲ့ကြောင်း သိရသည်။
.
ယင်းနေ့ တိုက်ပွဲများအတွင်း
ကော်ဘရာစစ်သည်တော် ၃ ဦး မစိုးရိမ်ရ ဒဏ်ရာ အနည်းရရှိခဲ့ကြောင်း သိရသည်။
.
ထို့အတူ ဩဂုတ်လ ၁၈
ရက်၊ ည ၁၂ နာရီခန့်တွင်လည်းကောင်း၊ ဩဂုတ်လ ၁၉ ရက်၊ နံနက် ၁၀ နာရီခန့်တွင် လည်းကောင်း၊
ယင်းနေ့ ညနေ ၃ နာရီခန့်တွင်လည်းကောင်း စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ
ကော်ဘရာစစ်သည်များ တစ်စုံတစ်ရာ ထိခိုက်မှုမရှိဘဲ သာသနိကအဆောက်အဦ တစ်လုံး ပျက်စီးခဲ့ကြောင်း
သိရသည်။
.