အာဏာသိမ်း စစ်ကောင်စီက ယနေ့ ဩဂုတ်လ ၁၆ ရက်အတွက် ကြေညာသည့် တိုင်းနှင့် ပြည်နယ် မြို့တော်များ၏ ရည်ညွှန်းလက်လီဈေးနှုန်း စာရင်းတွင်ပင် စက်သုံးဆီ တစ်လီတာလျှင် ယမန်နေ့ထက် ၅၀ ကျပ်နှုန်းထိ မြင့်တက်လာသည်ကို တွေ့ရသည်။
.
ရှမ်းပြည်နယ် မြို့တော် တောင်ကြီးမြို့၏ ယနေ့အတွက် စက်သုံးဆီ ရည်ညွှန်းဈေးနှုန်းကို တစ်လီတာလျှင် 92 Ron ၂၄၅၀ ကျပ်၊ 95 Ron ၂၅၃၀ ကျပ်၊ HSD (500 ppm) ၂၇၈၅ ကျပ်၊ HSD (50 ppm)နှင့် HSD (10 ppm) ၂၈၆၀ ကျပ် ဖြင့် စစ်ကောင်စီ လက်အောက်ရှိ စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်မှုကော်မတီက သတ်မှတ်ခြင်း ဖြစ်သည်။
.
" အဲဒါက ရည်ညွှန်း သတ်မှတ်ဈေးပေါ့။ အပြင်မှာတော့ ဆိုင်ရယ်၊ နေရာရယ် မူတည်ပြီး ကွာတယ်။ ကွာတယ် ဆိုတာက ဈေး ပိုတာကို ပြောတာ။ ခုရက်ပိုင်းဆို ဆီ ပြတ်တာနဲ့ ကြုံတော့ အကန့်အသတ်နဲ့ပါ ရောင်းပေးနေရတယ်။ အရောင်းရပ်ဖို့တောင် စဉ်းစားနေတာ။ ရောင်းဖို့ကလည်း အဆင်မပြေ၊ ပိတ်ရင်လည်း အဖမ်းခံရမယ့်ပုံစံ ဖြစ်နေတာ။ " ဟု စက်သုံးဆီ အရောင်းဆိုင် မန်နေဂျာ တစ်ဦးက ပြောသည်။
.
စက်သုံးဆီ အရောင်းဆိုင်များအနေဖြင့် ရောင်းချမှု ရပ်တန့်ထားခြင်း၊ အကန့်အသတ်ဖြင့် ရောင်းချခြင်းများ တွေ့ရှိပါက တိုင်ကြားနိုင်သည်ဟု စစ်ကောင်စီက ကြေညာထားသည်။