.
မြို့တော် တောင်ကြီးတွင်
လွန်ခဲ့သည့် ရက်သတ္တပတ်မှ စတင်၍ စက်သုံးဆီ ဝယ်ယူရ ခက်ခဲလာသည့်အတွက် လုပ်ငန်းခွင် မျိုးစုံတွင်
သွားရောက်အလုပ်လုပ်ကိုင်နေသည့် နေ့စားလုပ်သားများ အခက်အခဲဖြစ်ပေါ်နေရကြောင်း သိရသည်။
.
.တောင်ကြီးမြို့ပေါ်ရှိ
ပန်းရံ သံချည်သံကွေး၊ လက်သမား စသည့် အလုပ်ဆိုက်များတွင် လုပ်ကိုင်နေသည့် နေ့စား သမားများသည်
မော်တော်ဆိုင်ကယ်ကို အသုံးပြုသွားလာနေရသည့်အတွက် စက်သုံးဆီအခက်အခဲကြောင့် အလုပ် သွားရန်နှင့်
အချိန်မီရောက်ရှိရန် ခက်ခဲလာနေခြင်းဖြစ်ကြောင်း သိရသည်။
.
“ကျွန်တော်တို့က အလုပ်ဆိုက်ကို
ဆိုင်ကယ်နဲ့သွားရတာ။ အခု ဓါတ်ဆီဝယ်ရခက်လာတော့ အလုပ်သွားဖို့တောင် အဆင်မပြေတော့ဘူး။
နေ့စားသမားတွေဆိုတော့ သူများတွေလို ဆီအများကြီးလည်း ထည့်မထားနိုင်တော့ သွားလာ ရေး တော်တော်
ဒုက္ခရောက်တာပေါ့” ဟု ပန်းရံ နေ့စားလုပ်သားတစ်ဦးက ပြောသည်။
.
တောင်ကြီးမြို့ပေါ်ရှိ
စက်သုံးဆီအရောင်းဆိုင် အချို့တွင် လက်ကျန်ဆီ အလုံအလောက် မရှိသည့်အတွက် အချိန်ပိုင်း
သာ ရောင်းချပေးနေပြီး အချို့ဆိုင်များတွင် အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေကြောင်း သိရသည်။
.
“ဓါတ်ဆီက ဝယ်ရခက်လာတဲ့အပြင်
ဒီရက်ပိုင်း ဈေးလည်း ပြန်တက်သွားတယ်။ မဝယ်တော့လည်း မသုံးဘဲ နေရမယ့်ပုံစံမျိုး ဖြစ်နေတော့
ရောင်းတဲ့ဈေးနဲ့ ဝယ်နေရတာပေါ့” ဟု တောင်ကြီးမြို့ခံတစ်ဦးကလည်း ပြောဆိုခဲ့သည်။
.
တောင်ကြီးမြို့တွင်
စက်သုံးဆီဝယ်ယူရ ခက်ခဲလာပြီး ရောင်းချပေးနေသည့် ဆိုင်များတွင် အလှည့်ကျ စောင့်ဆိုင်း
ဝယ်ယူနေရကြောင်း ဒေသခံများထံက သိရသည်။
.