.
မြန်မာပြည်သူများနှင့်
မြန်မာပြည်သူများ၏ တော်လှန်ရေးနှင့်အတူ သွေးစည်းညီညွတ်စွာ ရပ်တည်လျက်ရှိကြောင်း ကမ္ဘာ့နိုင်ငံပေါင်း
၅၇ နိုင်ငံမှ ပြည်သူ ၃၆၉ ဦးတို့က ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်ဟု သိရသည်။
.
.အဆိုပါ ကြေညာချက်သည်
မြန်မာပြည်တွင် ကြုံတွေ့နေရသည့် အခြေအနေဆိုးများ၊ မြန်မာပြည်သူများ၏ အာဏာရှင် ဆန့်ကျင်ရေးနှင့်
ပိုမိုကောင်းမွန်သည့် အနာဂတ်ဆီ တိုက်ပွဲဝင်နေမှုများကို ကမ္ဘာတစ်ဝှမ်းမှ ပြည်သူများထံ
အသိပေးနိုင် ရန် ရည်ရွယ်၍ ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။
.
ကြေညာချက်တွင် မကြာသေးမီက
မြန်မာစစ်အာဏာရှင်များ၏ နိုင်ငံရေးအကျဉ်းသား ၄ ဦးအား တရားလက်လွတ် စီရင်သတ်ဖြတ်ခဲ့သည့်အပေါ်
ပြင်းထန်စွာ ရှုတ်ချကြောင်းနှင့် ပြင်းထန်သော ဖိအားပေးခြင်း မရှိပါက စစ်အာဏာရှင် သည်
ယင်းကိစ္စမျိုးကို ထပ်မံကျူးလွန်နိုင်ကြောင်း ဖော်ပြထားသည်။
.
ထို့အပြင် ကျေးလက်
မြို့ပြမချန်၊ ကလေးသူငယ်၊ သက်ကြီးရွယ်အို၊ မသန်စွမ်း စသည့်သူများအပါအဝင်
ပြည်သူများ အပေါ် နေ့စဉ်ရက်ဆက် တရားမဲ့ ထင်ရာစိုင်း
နှိပ်စက်သတ်ဖြတ်နေခြင်းများနှင့် ဒူးထောက်အညံ့ခံလာအောင် အကြမ်းဖက် နေခြင်းကိုလည်း
ပြင်းထန်စွာ ရှုတ်ချကြောင်း၊ အများပြည်သူတို့၏ အိုးအိမ်၊ လယ်ယာ၊ သီးနှံစပါး၊
ဆေးရုံ ဆေးပေးခန်း၊ ကျောင်း၊ ဘာသာရေး အဆောက်အဦး စသည်တို့ကို
တမင်ရည်ရွယ်ဖျက်ဆီးရုံသာမက၊ စစ်တပ်၏ အကြမ်းဖက်မှုကြောင့်
ခိုကိုးရာမဲ့ဖြစ်နေသူများအတွက် ပြည်သူအချင်းချင်း စာနာစိတ်ဖြင့် လှူဒါန်းလိုက်သည့်
စားနပ်ရိက္ခာ၊ အရေးပေါ်အကူအညီများကိုလည်း တမင်ပစ်မှတ်ထား
တိုက်ခိုက်ဖျက်ဆီးနေခြင်းကို လွန်စွာ ရွံရှာ စက်ဆုတ်ကြောင်း၊ အာဏာကို အရှက်မဲ့စွာ ဖက်တွယ်ထားရန်
ကြိုးပမ်းနေသည့် မြန်မာစစ်တပ်ကို အထင်သေး ရှုတ်ချ ကြောင်းဖြင့် ဖော်ပြထားသည်။
.
မြန်မာပြည်သူများ၏
စစ်အာဏာရှင်လက်မှ လွတ်မြောက်ပြီး၊ စစ်မှန်သည့် ဒီမိုကရေစီ၊ တရားမျှတမှုနှင့်
ငြိမ်းချမ်းရေး ကို အခြေခံသည့် လူ့ဘောင်သစ်၊ နိုင်ငံသစ်ကို ထူထောင်နိုင်ရန်
ကြိုးပမ်းနေသည့် လူထုလှုပ်ရှားမှုများကို အဓိပ္ပါယ် ပြည့်ဝစွာ
အကူအညီပေးနိုင်ရန်လည်း တိုက်တွန်းသွားမည်ဖြစ်ကြောင်းလည်း ကြေညာချက်တွင် ဖော်ပြထားသည်။
.
ကြေညာချက်ကို အင်္ဂလိပ်၊
စပိန်၊ ပြင်သစ်၊ အာရဗီ၊ ဘဟာစာ၊ မြန်မာဘာသာ ၆ မျိုးဖြင့် ထုတ်ပြန်ထားခြင်းဖြစ်ပြီး နယ်သာလန်နိုင်ငံမှ
၄၃ ဦး၊ အမေရိကန်ပြည်ထောင်စုမှ ၃၃ ဦး၊ ဗြိတိန်မှ ၃၀ ဦး၊ ကနေဒါမှ ၂၄ ဦး၊ အိန္ဒိယမှ
၂၃ ဦး၊ ဘရာဇီးမှ ၁၈ ဦး၊ ဆွိဒင်မှ ၁၅ ဦး၊ တောင်ကိုရီးယားမှ ၁၄ ဦး၊ နော်ဝေမှ ၁၃ ဦး၊ ဖိလစ်ပိုင်မှ
၁၂ ဦး၊ ဂျပန်နှင့် ကိုလံယီယာနိုင်ငံများမှ ၁၁ ဦးစီ အပါအဝင် ကမ္ဘာနိုင်ငံပေါင်း ၅၇ နိုင်ငံမှ
ပြည်သူ ၃၆၉ ဦးတို့က ပါဝင်လက်မှတ်ရေးထိုး ထားခြင်းဖြစ်ကြောင်း သိရသည်။
.