.
တက္ကသိုလ်ဝင်စာမေးပွဲ
သင်ရိုးဟောင်း နောက်ဆုံးအကြိမ် စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများ
အနေဖြင့် စက်တင်ဘာလ ၁ ရက်မှ စတင်၍ ဖြေဆိုခွင့်လျှောက်လွှာများကို
လျှောက်ထားနိုင်ကြောင်း စစ်ကောင်စီ လက်အောက်ခံ ပညာရေးဝန်ကြီးဌာန၊
မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ယမန်နေ့ ဩဂုတ်လ ၂၃ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။
.
.တက္ကသိုလ်ဝင်စာမေးပွဲ
ကျရှုံးသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ဝင်ရောက်ဖြေဆိုခြင်း မရှိသည့်
ကျောင်းသား/ ကျောင်းသူများအတွက် နောက်ဆုံးအကြိမ်အဖြစ် စနစ်ဟောင်း၊သင်ရိုးဟောင်း
တက္ကသိုလ်ဝင်စာမေးပွဲအား ၂၀၂၃ ခုနှစ် တွင် ကျင်းပသွားမည်ဖြစ်ကြောင်း စစ်ကောင်စီ၏
မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြန်ကြေညာထားခြင်း ဖြစ်သည်။
.
စာမေးပွဲ
ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများအနေဖြင့် ဖြေဆိုခွင့်လျှောက်လွှာများကို
စက်တင်ဘာလ ၁ ရက်မှ ၃၀ ရက် အတွင်း လျှောက်ထားရမည်ဖြစ်ပြီး တစ်ဦးလျှင်
ငွေသွင်းတံဆိပ်ခေါင်း ၇၀၀ ကျပ်နှင့် လျှောက်လွှာတစ်စောင် ၂၀၀ ကျပ်စီဖြင့်
စုစုပေါင်း ၉၀၀ ကျပ် ကျသင့်မည်ဖြစ်ကြောင်း သိရသည်။
.
ထိုသို့
လျှောက်လွှာတင်သွင်းရာ၌ ဘာသာတွဲ အမှတ်စဉ်အလိုက် အစိမ်းရောင်နှင့် အပန်းရောင်
လျှောက်လွှာကတ်ပြား ပုံစံများ ခွဲခြားထားမည်ဖြစ်ပြီး ဘာသာတွဲ (၁)၊ (၅)၊ (၆)၊ (၇)၊
(၈) များဖြင့်ဖြေဆိုမည့်သူများသည် အစိမ်းရောင် ဝင်ခွင့် လျှောက်လွှာနှင့်
ကတ်ပြားပုံစံ၊ ဘာသာတွဲအမှတ်စဉ် (၂)၊ (၃)၊ (၄) များဖြင့် ဖြေဆိုမည့်သူများသည်
ပန်းရောင်ဝင်ခွင့် လျှောက်လွှာနှင့် ကတ်ပြားပုံစံတို့ဖြင့်
တင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။
.
ထို့အပြင်
အခြေခံပညာအထက်တန်းကျောင်းများ၊ ကျောင်းခွဲများ၊ တွဲဖက်ကျောင်းများနှင့် ကိုယ်ပိုင်
အထက်တန်း ကျောင်းများမှ ဖြေဆိုရန် လျှောက်လွှာတင်သွင်းမည့် ကျောင်းသား/ကျောင်းသူများ၏
စာမေးပွဲဝင်ကြေးအတွက် ကျောင်းအုပ်ကြီးများမှ စာ မေးပွဲဝင်ကြေး ၇၀ဝ ကျပ်တန်
ငွေသွင်းတံဆိပ် ခေါင်းများဝယ်ယူပြီး၊ လျှောက်လွှာ တစ်စောင်ချင်း၌ ကပ်၍
စုပေါင်းပြီး မြန်မာနိုင်ငံစာစစ်ဦးစီးဌာနသို့ သတ်မှတ်ရက်အမီ တင်သွင်းရမည် ဖြစ်ကာ
ပြင်ပ ဖြေဆိုရန် လျှောက်လွှာတင်သွင်းသူများအနေဖြင့် သက်ဆိုင်ရာ
မြို့နယ်ပညာရေးမှူးရုံးများတွင် စာမေးပွဲဝင်ကြေးနှင့် တံဆိပ်ခေါင်းများ ဝယ်ယူပြီး
တင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။
.
တက္ကသိုလ်ဝင်စာမေးပွဲ
ဝင်ခွင့်လျှောက်လွှာပုံစံများနှင့် ငွေသွင်းတံဆိပ်ခေါင်းများအား မြန်မာနိုင်ငံ
စာစစ်ဦးစီးဌာန ရုံးချုပ်၊ ရုံးအမှတ် (၅၂)၊နေပြည်တော်နှင့် ရန်ကုန်မြို့ရှိ
မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတို့၌ ဝယ်ယူနိုင်ကြောင်း သိရသည်။
.