​​​​တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်း အပိုင်း (၃) ဆက်လက်ပြုပြင်ခြင်း မရှိသည့်အတွက် ဆိုးရွားစွာ ပျက်စီးနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

​​​​တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်း အပိုင်း (၃) ဆက်လက်ပြုပြင်ခြင်း မရှိသည့်အတွက် ဆိုးရွားစွာ ပျက်စီးနေ

.

တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်း၏ ဝါးပြားလမ်းဆုံနေရာမှ တောင်ကြီးတက္ကသိုလ်အနီး၊ ဧရာဝတီလက်ဖက်ရည် ဆိုင် လမ်းဆုံအထိ လမ်းပိုင်းဖြစ်သော အပိုင်း (၃) မှာ ဆက်လက်ပြုပြင်နိုင်ခြင်းမရှိသည့်အတွက် ဆိုးရွားစွာ ပျက်စီးနေပြီး လမ်းသွား လမ်းလာများအတွက် အခက်အခဲဖြစ်ပေါ်နေရကြောင်း သိရသည်။

.

.

အဆိုပါ အနောက်မြို့ပတ်လမ်းကို အရပ်သားအစိုးရလက်ထက်တွင် အပိုင်း ၃ ပိုင်းခွဲ၍ ဘဏ္ဍာရေးနှစ်အလိုက် ပြုပြင် နေခြင်းဖြစ်ပြီး အပိုင်း (၁) နှင့် အပိုင်း (၂) မှာ ဆောင်ရွက်ပြီးဖြစ်သော်လည်း စစ်ကောင်စီ အာဏာသိမ်းပြီးနောက် အပိုင်း (၃) ဖြစ်သော ဝါးပြားလမ်းဆုံမှ ဧရာဝတီလမ်းဆုံအထိ လမ်းပိုင်းကို ဆက်လက်ပြုပြင်နိုင်ခြင်း မရှိသေးဘဲ ကြန့်ကြာနေခြင်းဖြစ်ကြောင်း သိရသည်။

.

“လမ်းက မုန့်လင်မယားဒယ်လိုပါပဲ။ အခုတော့ လိုက်ဖာနေတာ တွေ့ရတယ်။ ဖာတစ်ရာလမ်းပေါ့။ လမ်းသွားလမ်းလာ အထူးသဖြင့် ဆိုင်ကယ်တွေအတွက် အန္တရာယ်များပါတယ်” ဟု တောင်ကြီးဒေသခံတစ်ဦးက ပြောသည်။

.

ယင်း အနောက်မြို့ပတ်လမ်း၏ ကျန်လမ်းပိုင်းကို ပြင်ဆင်ခြင်းမရှိသည့်အတွက် ကုန်တင်ယာဉ်များ၊ တွဲယာဉ်များ ဖြတ်သန်းသွားလာချိန်တွင် ယာဉ်ကြောပိတ်ဆို့မှုများ မကြာခဏ ဖြစ်ပေါ်တတ်ပြီး ယာဉ်တိုက်မှုအန္တရာယ် ဖြစ်ပွား မည်ကို စိုးရိမ်နေရကြောင်း သိရသည်။

.

“တကယ်ဆိုရင် စစ်ကောင်စီသာ အာဏာမသိမ်းခဲ့ရင် ဒီလမ်းက လုပ်ပြီးလောက်ပါပြီ။ ဒီကောင်တွေနဲ့ကျမှ ဘာမှ အလုပ်မဖြစ်ဘူး။ လမ်းဖာတာ လောက်နဲ့ကတော့ ဘယ်လိုမှ သွားလာရတာ အဆင်မပြေပါဘူး” ဟု အခြား ဒေသခံ တစ်ဦးကလည်း ပြောဆိုခဲ့သည်။

.

တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်းသည် ကုန်တင်ယာဉ်နှင့် တွဲယာဉ်ကြီးများသွားလာသည့်လမ်း ဖြစ်သည့်အပြင် မြို့ပေါ်နေ ပြည်သူများ အများဆုံး အသုံးပြုသွားလာနေသည့် လမ်းဖြစ်သည့်အတွက် ယာဉ်ကြောရှုပ်ထွေးသော လမ်းမ တစ်ခုလည်း ဖြစ်သည်။

.

Journal Download

Photo of three cats