တောင်ကြီးမြို့ပေါ်ရှိ အဝေးပြေးယာဉ်လိုင်းဂိတ်များကို အတင်းအကြပ် ပြောင်းရွှေ့ခိုင်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့ပေါ်ရှိ အဝေးပြေးယာဉ်လိုင်းဂိတ်များကို အတင်းအကြပ် ပြောင်းရွှေ့ခိုင်း

.

တောင်ကြီးမြို့ပေါ်ရှိ အဝေးပြေးယာဉ်လိုင်းဂိတ်များကို အေးသာယာတွင် အသစ်ဆောက်လုပ်ထားသည့် အဝေးပြေး ယာဉ်ရပ်နားစခန်း အသစ်သို့ အတင်းအကြပ် ပြောင်းရွှေ့ခိုင်းသဖြင့် ဂိတ်များ စတင်ပြောင်းရွှေ့လျက်ရှိကြောင်း သိရသည်။

.

.

ထိုသို့ စစ်ကောင်စီ၏ အတင်းအကြပ် ဖိအားပေး ပြောင်းရွှေ့ခိုင်းမှုကြောင့် ယာဉ်လိုင်းဂိတ်အများစုမှာ ပြောင်းရွှေ့ သွားပြီဖြစ်ပြီး ငွေကြေးမတတ်နိုင်သည့် ယာဉ်လိုင်းဂိတ်များမှာ အခက်အခဲဖြစ်ပေါ်နေရကြောင်း သိရသည်။

.

“အေးသာယာမှာ ဆိုင်ခန်းဝယ်ဖို့ တစ်ခန်းကို ၈၅ သိန်းလောက် ကုန်မယ်။ တတ်နိုင်တဲ့သူတွေတော့ ဝယ်ပြီးကြပြီပေါ့။ အဆင်မပြေတဲ့ ဂိတ်တွေအတွက် အခက်အခဲဖြစ်ပါတယ်။ မတတ်နိုင်ရင်တော့ ဂိတ် ပိတ်ပစ်ဖို့ပဲ ရှိပါတယ်” ဟု ယာဉ် လိုင်းဂိတ်တစ်ခု၏ တာဝန်ခံက ပြောသည်။

.

ထိုသို့ ဂိတ်များ ပြောင်းရွှေ့ခိုင်းရာတွင် မူလက ဒေသတွင်း တောင်ကြီးမြို့နှင့် မိုင် ၅၀ ပတ်လည်ရှိ ဒေသများမှ ပြေးဆွဲ နေသော ယာဉ်လိုင်းများအား ပြောင်းရွှေ့ရန် မလိုကြောင်း ပြောဆိုထားခဲ့သော်လည်း ယခုအခါ ယင်းယာဉ်လိုင်းဂိတ် များပါ ပြောင်းရွှေ့ရန် စေခိုင်းထားခြင်းဖြစ်သည်ဟု သိရသည်။

.

“အစက တောင်ကြီးကနေ မိုင် ၅၀ ပတ်လည် ကားဂိတ်တွေက ရွှေ့စရာမလိုဘူးတဲ့ နောက်တော့ တပ်ထွက် ရွှေနေကြာ ဂိတ်မှူးက PDF တွေ ပါလာနိုင်တယ်ဆိုပြီး တင်ပြတယ်။ အဲဒီတော့ ကားတွေက တောင်ပေါ်မတက်ရတော့ဘဲ သူ့ ရွှေနေကြာကားတွေနဲ့ပဲ တစ်ဆင့် ပြန်စီးရအောင် လုပ်စားတဲ့သဘောပါ” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

.

ယင်းကဲ့သို့ ယာဉ်လိုင်းဂိတ်များအား အေးသာယာမြို့ရှိ ကားကွင်းသစ်သို့ ပြောင်းရွှေ့ခိုင်းသည့်အတွက် ခရီးသည်များ အနေဖြင့် လမ်းခရီးစရိတ် ကုန်ကျမှု ပိုမိုများပြားလာပြီး ခရီးပိုမိုနှောင့်နှေးစေမည်ဖြစ်ကြောင်း ဒေသခံများက ပြောဆို ကြသည်။

.

“တောင်ကြီးကနေ ကျိုင်းတုံကို သွားမယ်ဆိုရင်လည်း အေးသာယာအထိ လက်မှတ် ဆင်းဝယ်ပြီး စီးရမှာလား။ ဒါလည်း အခုထိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အချိန်ကုန်၊ ငွေကုန် ပြည်သူဒုက္ခရောက်မယ့် အလုပ်ကိုပဲ စစ်ကောင်စီက အချိန်ပြည့် စဉ်းစားပြီး လုပ်နေတာပါ” ဟု တောင်ကြီးဒေသခံတစ်ဦးက ပြောသည်။

.

တောင်ကြီးမြို့တွင် ရန်ကုန်၊ မန္တလေးအပါအဝင် မြေပြန့်ဒေသများနှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်း အပြင် ဒေသတွင်း ပြေးဆွဲနေသည့် ယာဉ်လိုင်းအများအပြား တည်ရှိနေပြီး ယခုကဲ့သို့ ယာဉ်လိုင်းဂိတ်များ ပြောင်းရွှေ့ခိုင်းသည့်အတွက် ယာဉ်လိုင်းများအပြင် ခရီးသည်များအတွက် အဆင်မပြေမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း သိရသည်။

.

Journal Download

Photo of three cats