ဖွံ့ဖြိုးတိုးတက်လာတဲ့ တန်းစီရခြင်းဒုက္ခ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဖွံ့ဖြိုးတိုးတက်လာတဲ့ တန်းစီရခြင်းဒုက္ခ

.


.

မိုးရာသီ နေ့ရက်တစ်ခုဆိုပေမဲ့ နေ့တစ်ခြမ်းကျိုးတဲ့အထိ မိုးမရွာသေးတဲ့နေ့။ တိမ်ပါးပါးကို ဖောက်ကျလာတဲ့ နေရောင်က ပြင်းရှရှနိုင်တယ်။ ဒီ ပြင်းရှရှနေလောင်ဒဏ်ကို အံတုနေတဲ့လူတစ်စုကတော့ လမ်းမကြီးဘေးမှာ စီရရီ တန်းနေတယ်။ တချို့တွေက အရိပ်ရတဲ့ အမိုးအကာအောက်မှာ၊ တချို့တွေက ဦးထုပ် ခမောက် ကိုယ်စီဆောင်းလို့။ လမ်းလယ်ခေါင် ရောက်ကာနီး။ တချို့က ရောင်စုံထီး ကိုယ်စီနဲ့။

.

အစားအသောက်အတွက် ပူပန်မှုတွေနဲ့ နေထိုင်စရာ အိုးအိမ်အတွက် ပူပန်မှုတွေနဲ့။ နေရာတစ်ခုနဲ့တစ်ခု သွားလာမှုအတွက် ပူပန်မှုတွေနဲ့။ မြန်မာပြည်သူတွေအတွက် စစ်ကောင်စီ ပေးနိုင်တာ ဒုက္ခတစ်ခုပါ။

.

ဒီလူစုလူဝေးထဲမှာ အမျိုးသား၊ အမျိုးသမီး အစုံတွေ့ရတယ်။ လူကြီးကလေးတွေပါတယ်။ ဆက်ကော့လပ်ကော့ မိန်းမပျိုလေးတွေလည်း တွတ်ထိုးရင်း။ သူတို့တွေအားလုံး မျှော်လင့်ချက်ကိုယ်စီနဲ့ တစ်စုံတစ်ခု လာရာလမ်းကို စောင့်နေကြတယ်။

.

သူတို့အားလုံး လက်ထဲမှာ တူညီတဲ့အရာတစ်ခု ကိုင်ထားကြတယ်။ အဝါ၊ အဖြူ၊ အနီ အစရှိတဲ့ ရောင်စုံ ပလပ်စတစ်ပုံးလေးတွေ။ နေ့လယ် ဆယ့်နှစ်နာရီထိုးပေမဲ့ သူတို့စောင့်နေတဲ့အရာကတော့ ရောက်မလာသေးဘူး။ သူတို့တွေကတော့ မနက် ဆယ်နာရီ ဝန်းကျင်ကတည်းက ဇွဲကောင်းကောင်းနဲ့ စောင့်နေကြတယ်။ တစ်ဦးတစ်ယောက်ရဲ့ ပါးစပ်သတင်းပေးချက်အရတော့ သူတို့စောင့်နေတဲ့အရာက ဒီနေ့လာမယ်လို့ ပြောတယ်။ တကယ်လာပါမယ်လို့တော့ အာမခံတာမျိုးမဟုတ်ဘူးပေါ့။

.

အခြေခံစားသောက်ကုန်တွေ ဈေးနှုန်းအဆမတန်ကြီးမြင့်နေချိန်မှာ သူတို့မျှော်လင့်တဲ့အရာ ရောက်လာခဲ့ရင် ဆိုတဲ့စိတ်ကူးနဲ့ စောင့်နေကြတယ်ဆိုရမလား။

.

လူဦးရေ တစ်ရာကျော်စောင့်နေတဲ့အရာကတော့ စားအုန်းဆီလာရောင်းချပေးမယ့် ကားပါ။ မြန်မာနိုင်ငံ ဆီကုန်သည်နဲ့ ဆီလုပ်ငန်းရှင်အသင်းက စားသုံးသူ တိုက်ရိုက် လက်လီအရောင်းဆိုင်ခေါင်းစဉ်နဲ့ တောင်ကြီးမြို့ပေါ်မှာ လိုက်လံ ရောင်းချပေးနေပါတယ်။ စားအုန်းဆီတစ်ပိသာကို ၄၁၀၀ ကျပ်နဲ့ စားသုံးသူတွေကို ရောင်းချပေးတယ်လို့ သိရပါတယ်။ လူတစ်ဦးကို တစ်ပိဿာ ရောင်းပေးရက်ရှိသလို အခြေအနေပေါ်မူတည်ပြီး နှစ်ပိသာ ရောင်းပေးတဲ့ ရက်လည်း ရှိတယ်လို့ ဆိုတယ်။ ပြည်သူလူထုအနေနဲ့ စားအုန်းဆီကို တန်းစီတိုးစားရတဲ့ဘဝမျိုး ရောက်သွားမယ်လို့ ထင်မထားပေမဲ့ စစ်ကောင်စီလက်ထက်မှာတော့ အရာရာ နိမ့်ပါးသွားတဲ့အခြေအနေ။

.

ဒီလို ဆီကို တန်းစီပြီး တိုးဝယ်စားရလိမ့်မယ်လို့ တစ်ခါမှ မတွေးမိဘူး။ အဘိုးအဘွားတွေ လက်ထက်တုန်းကတော့ ဆန်တွေ၊ ဆီတွေ တန်းစီတိုးပြီး ဝယ်စားခဲ့ရတယ်လို့ ကြားဖူးခဲ့တာပေါ့။ အခုကျတော့ အပြင်မှာ စားအုန်းဆီ တစ်ပိသာဝယ်ရင် တစ်သောင်းလောက်ဖြစ်နေတော့ အခုလို လာရောင်းပေးတဲ့အချိန် တန်းစီမှကို ရတော့မှာလေ။ အရင်က ပိုက်ဆီတစ်သောင်းလောက် လက်ထဲရှိရင် တစ်နပ်စာ ဆန်၊ ဆီ၊ ကြက်ဥ အကုန်ဝယ်လို့ရခဲ့တယ်။ အခု ဆန်ဈေးအပြင် ကုန်ဈေးနှုန်းတွေ အကုန်တက်နေတော့ ဈေးသက်သာတဲ့ဟာကို လိုက်ရှာနေရတော့တာ။ များများ လာရောင်းပေးရင် ကောင်းတယ်လို့ မလာသေးတဲ့ စားအုန်းဆီကားကိုမျှော်တဲ့ အသက်နှစ်ဆယ်အရွယ် အမျိုးသမီးငယ် ကပြောတယ်။

.

စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း စားသောက်ကုန်ဈေးနှုန်းတွေက သုံးလေးဆ မြင့်တက်လာခဲ့ပါတယ်။ အခြေခံ လူတန်းစားတွေ စားသုံးတဲ့ ဆန်ကြမ်းတစ်အိတ်ကို မြန်မာငွေ တစ်သောင်းခွဲ၊ နှစ်သောင်းလောက်အထိ တက်လာ ပါတယ်။ သုံးထောင် ပတ်လည်လောက်သာရှိခဲ့တဲ့ စားအုန်းဆီဈေးနှုန်းက အခုဆိုရင် ပြင်ပပေါက်ဈေး ၉၅၀၀ အထိ ရှိလာပါတယ်။ တစ်ရာတန် ကြက်ဥတစ်လုံး အခု နှစ်ရာအထိ ပေးဝယ်ရတဲ့ အနေအထား။ အသီးအရွက်၊ အသားငါးဈေးတွေလည်း ခေါင်ခိုက်။ အာဏာသိမ်း စစ်အုပ်စုကတော့ သတင်းစာရှင်းလင်းပွဲလုပ်၊ သူတို့လက်ထက်မှာ တိုင်းပြည်စီးပွားရေး တိုးတက်မြင့်မားလာနေတယ် ဆိုတဲ့အကြောင်း။

.

တကယ် လက်တွေ့ကျကျ ပြည်သူတွေ ကြုံတွေ့နေရတာက မသိမသာလေး ငတ်နေကြတယ် ဆိုတာမျိုး။ တစ်ဦးနဲ့ တစ်ယောက် ကူနိုင်တဲ့ အခြေအနေမျိုးလည်း ရှိမနေကြဘူး။ ဆန်ပုံးထဲ ဆီပုံးထဲ ဗလာပြတာနဲ့ ကိုယ့်ဗိုက်ဆာ ကိုယ်သာငတ် ပြောရမယ့်အတိုင်း။ မြန်မာစစ်ကောင်စီရဲ့ မူမမှန်တဲ့အနေအထား တချို့ကြောင့် နိုင်ငံတကာအကူအညီ မျှော်လင့်လို့ မရနိုင်တဲ့အခြေအနေ။ စစ်ကောင်စီရဲ့ တစ်ဘို့တည်း လုပ်ရပ်တွေကြောင့် ပြည်သူတစ်ရပ်လုံး လက်ရည်တစ်ပြင်တည်း ဒုက္ခတွေနဲ့ချည်း။ အစားအသောက်အတွက် ပူပန်မှုတွေနဲ့ နေထိုင်စရာ အိုးအိမ်အတွက် ပူပန်မှုတွေနဲ့။ နေရာတစ်ခုနဲ့တစ်ခု သွားလာမှုအတွက် ပူပန်မှုတွေနဲ့။ မြန်မာပြည်သူတွေအတွက် စစ်ကောင်စီ ပေးနိုင်တာ ဒုက္ခတစ်ခုပါ။

.

လတ်တလော မြန်မာနိုင်ငံတစ်ဝှမ်း ပြည်သူတွေအားလုံး တန်းစီ တိုးဝယ်ဆိုတဲ့စနစ်ဆိုးအောက် ပြန်ရောက်နေ ကြရတယ်။ စက်သုံးဆီ ဂါလန်သန်းပေါင်းများစွာရှိတယ်လို့ အရှက်မရှိပြောပြီး ပြည်သူတွေက ရောင်းချတဲ့ဆိုင်တွေမှာ တန်းစီကြရတယ်။ ရပြန်တော့လည်း မတန်တဆဈေးနှုန်းတွေနဲ့။ နောက်ကလိုက်လာတာက စားအုန်းဆီ။ ဘယ်အချိန် လာမှန်းမသိတဲ့ စားအုန်းဆီကား စောင့်နေတဲ့ ပြည်သူတွေက ရာပေါင်းများစွာ။ မနက် ဆယ်နာရီက စောင့်လိုက်တာ ညနေ လေးနာရီထိုးတဲ့အထိ သူတို့စောင့်တဲ့ကား ရောက်မလာခဲ့ဘူးလို့ ဆိုတယ်။ ဒါဟာ စစ်ကောင်စီပေးတဲ့ ဒုက္ခတွေထဲက အသေးစားတစ်ခုပါ။ ဒီလိုလူတွေ သက်ဆိုးရှည်သ၍ ဆိုးတဲ့ဒုက္ခတွေ ထပ်ရောက်လာနိုင်ပါကြောင်း။  

.


Journal Download

Photo of three cats