စက်သုံးဆီဂယက်နဲ့ တောကြောင်တွေရဲ့ အကွက် (ဆောင်းပါး) - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စက်သုံးဆီဂယက်နဲ့ တောကြောင်တွေရဲ့ အကွက် (ဆောင်းပါး)



တောင်ကြီးမြို့ အပါအဝင် ရှမ်းပြည်က ပြည်သူတွေ လူတန်းစား မရွေး လတ်တလော ကြုံတွေ့နေရတဲ့ အခက်အခဲက စက်သုံးဆီ။ ခေတ်အခြေအနေအရ စက်သုံးဆီဆိုတာ မရှိမဖြစ် အရာတစ်ခု။ မြို့ပေါ်နေ ပြည်သူတွေရဲ့ သွားရေးလာတာအတွက် စက်သုံးဆီက အရေးပါတဲ့ နေရာမှာ ရှိတယ်။ မနက်မိုးလင်း ဈေးသွားချိန်၊  ကျောင်းပို့ချိန်၊ အလုပ်သွားချိန်၊ ရုံးတက်ချိန် အားလုံးယာဉ်အသီးသီး အသုံးပြုနေရတော့ စက်သုံးဆီ ပြတ်တာနဲ့ ဒုက္ခတွေက တစ်သီကြီး။ တောင်ကြီးမြို့ဟာ  မော်တော်ဆိုင်ကယ် အသုံး များတဲ့ မြို့ တစ်ခု ။အခုတော့ မော်တော်ဆိုင်ကယ်ထဲ စက်သုံးဆီ ထည့်ဖို့အတွက်တောင် ခက်ခဲလာတဲ့ အနေအထား။ ငါးထောင်ဖိုး ထည့်ချင်တာ သုံးထောင်ဖိုးနဲ့ တစ်ခန်းရပ်ခဲ့ရတာတွေထိ ဖြစ်လာတယ်။

.

အာဏာ မသိမ်းမီက စက်သုံးဆီ လိုသလောက် ဝယ်လို့ ရခဲ့တယ်။ ပေပါလိုက် ပုံးလိုက် လိုချင်လည်းဝယ်ယူ ရရှိနိုင်တယ်။ သင့်တင့် မျှတတဲ့ ဈေးနှုန်းနဲ့ ဝယ်ယူနိုင်ခဲ့တယ်။ လက်ရှိ ကြုံတွေ့ နေရတာကတော့ ပြောင်းပြန်အချိုး။ လိုအပ်သလောက် ဝယ်လို့ မရနိုင်တဲ့အခြေအနေ။ လက်လီစိတ် ရောင်းချတဲ့ ဆိုင်ငယ်တွေအတွက်တောင် ပေပါပုံးနဲ့ ဝယ်ယူလို့ မရနိုင်တော့ဘူး။ ဈေးနှုန်းကတော့ စစ်ကောင်စီ အာဏာသိမ်းပြီးတည်းက တရိပ်ရိပ်တက်လာလိုက် တာ အခုဆို ပုံမှန်သုံး စက်သုံးဆီ တစ်လီတာကို ၂၅၀၀ ပတ်လည်။ စက်သုံးဆီ ကားကြီးတွေ ဝင်လာရင် ဈေးနှုန်း နည်းနည်းကျတယ်လို့ ဆိုတယ်။ မဝင်နိုင်တဲ့ ရက်ကများတော့ ဈေးနှုန်းက အတက်ဘက်ချည်း။

.

စက်သုံးဆီ အကျပ်အတည်း အခက်အခဲကြောင့်လူတန်းစားပေါင်းစုံ ဒုက္ခရောက်တဲ့အထဲမှာ နှစ်ဆ တိုး ဒုက္ခရောက်ရတာက လက်လုပ်လက်စား နေ့စားလုပ်သားတွေ။ မနက် မိုးချုပ် နေကုန်အောင် လုပ်မှ နေ့စားခ တစ်သောင်းပတ်လည်။ ကုန်ဈေးနှုန်း ခေါင်ခိုက်နေတဲ့ ခေတ်ကာလမှာ သူတို့ရတဲ့ နေ့စားခက ဆင့်ပါးစပ်နှမ်းပက် သလောက်ရယ်။ လေးယောက်လောက်ရှိတဲ့ မိသားတစ်စုအတွက် တစ်သောင်းဆိုတဲ့ မြန်မာငွေက နေ့စဉ် စားဝတ်နေရေး ဖြေရှင်းနိုင်ဖို့ ဘယ်လိုမှ အလျှင်မမီဘူး။ အရင်က ဆိုင်ကယ်ထဲ စက်သုံးဆီ တစ်ထောင်ဖိုး ထည့်ထားရင် အလုပ်အသွားအပြန် ပူစရာ မလိုခဲ့ဘူး။ အခုတော့ သုံးထောင်ဖိုးလောက် ထည့်နိုင်မှ တော်ကာကျတဲ့ အနေအထား။

.



" နေ့စားခ ရတာမှ တစ်ရက် တစ်သောင်းဗျာ။ အဲဒီတစ်သောင်းက မိသားစု စားဝတ်နေရေးအတွက်တောင် မနည်း လုံးပန်းနေရတာ။ အခုက ဆန်ဈေး၊ ဆီဈေး၊ အသားငါး အကုန် ဈေးတက်နေတော့ မိသားစုတိုင်း အဆင်မပြေကြဘူး။ စားဝတ်နေရေး မပြေလည်လို့ လှူမယ့်တန်းမယ့် လူတွေလည်း ခေတ် အခြေအနေကြော င့်လာမလှူရဲတော့ ပို ဒုက္ခရောက်တာတွေ ဖြစ်လာတာပေါ့။ ကျွန်တော်တို့ နေတဲ့ နေရာမှာဆို အကုန်လုံး နေ့စား အလုပ်သမားတွေ များတာပေါ့။ အလုပ်ကလည်း ဆိုင်ကယ်နဲ့ သွားနိုင်မှအဆင်ပြေတာ။ ဓာတ်ဆီဈေးက အားတက်တော့ ကျွန်တော်တို့လို နေ့စားသမားတွေ အတော်ကြီးဒုက္ခ ရောက်တယ်" လို့ ပန်းရံနေ့စားသမား တစ်ယောက်က ရင်ဖွင့်တယ်။

.

ကိုယ်လုပ်မှ ကိုယ် စားရတာ ဆိုတဲ့ အတွေးအခေါ် ပညာရှင်တွေ၊ ဘယ်သူတက်တက် ကိုယ့်မင်းပဲ ဆိုတဲ့ မဟာဂရုနာရှင်တွေ ဘယ် ပျောက်မှန်း မသိ။

.

မြန်မာနိုင်ငံမှာ စက်သုံးဆီ ဈေးနှုန်း တက်တာနဲ့ကုန်ဈေးနှုန်းက ထပ်ချပ်မကွာအောင် လိုက်တက်ပါတယ်။ အခြေခံလူတန်းစားတွေ အဓိက စားသုံး းတဲ့ဆန်ကြမ်း တစ်အိတ်ကို အခုဆို တစ်သောင်းပတ်လည်အထိ ဈေးတက်လာတယ်။ စားအုံးဆီ တစ်ပိသာရည်ညွှန်းဈေး ၄၀၀၀ လောက် သတ်မှတ်ထားပေမယ့် ပြင်ပပေါက်ဈေးက တစ်သောင်း နီးပါး။ ငုံးဥသာသာ ကြက်ဥ ဆယ်လုံးကို ၂၀၀၀ ကျပ်။ အသားငါးဆိုတာ နေ့စား လုပ်သားတွေအတွက် ဈေးဖိတ်နေ့ လုပ်အားခ ရမှ ဈေးနေ့တစ်ရက် မြင်ရတာမျိုး။ ဒါတောင် ည၊ မနက် မြင်ရတာ မဟုတ်တော့ဘူး။ မနက်စားချင်ရင် ညနေစာ ငတ်။ ညနေ စားချင်ရင် မနက်ဈေးက ဝယ်လာတဲ့ အသားငါး ထိုင်ကြည့်နေပေါ့။

.



တောမီး လောင်တော့ တောကြောင် လက်ခမောင်းခတ် ဆိုတဲ့ စကား ရှိတယ်။ ပြည်သူလူထုကတော့ သွားရေးလာတာအတွက် မသုံးမဖြစ်လို့ စက်သုံးဆီကို သုံးနေကြရမှာပါ။ ဒီလိုအချိန် ကာလမှ အားအားယားယားနဲ့ ဘယ်သူမှလည်း လမ်းသလားနိုင်မှာ မဟုတ်ပါဘူး။ စက်သုံးဆီဈေးနှုန်း အကျဘက် ပြလာရင် အရောင်းဆိုင်တွေမှာ ဆီကား အဝင်မရှိ ဆိုတဲ့အကြောင်းပြချက်နဲ့ အရောင်း ရပ်လိုက်တတ်ကြတယ်။ ပြည်သူလူထု လိုအပ်ချက် များလာတာနဲ့ ဈေးနှုန်းတွေ ခုန်တက်ပြီး လက်ကုန်ဖွင့် ရောင်းကြပြန်တယ်။ မြေပြင်မှ အခုလို ဖြစ်ရပ်တွေ ရှိနေပေမယ့် ပြည်သူအတွက် ဘယ်သူ တစ်ဦးတစ်ယောက်မှ အကာအကွယ်မပေးနိုင်တဲ့ အနေအထား။ တောကြောင်တွေကို လက်ခမောင်းခတ်ခွင့် ပေးထားတာလား စဉ်းစားစရာ။

.

"စစ်တပ် ကျေးဇူး မူးလို့တောင် ရှူစရာ မရှိဘူး" ဆိုတဲ့ ဆရာကြီးရဲ့ စကားက အရင်ကလည်း မှန်ခဲ့သလို၊ အခုလည်း မှန်နေပြန်ရော။ နောက်များလည်း မှန်နေဦးမှာပါ။

.

လတ်တလော မြန်မာနိုင်ငံတစ်ဝှမ်း စက်သုံးဆီပြတ်လပ်မှု၊ ဝယ်ယူရ ခက်ခဲမှုသတင်းတွေ နေ့စဉ် ကြားသိနေရတယ်။ တောင်ကြီးမြို့ပေါ်မှာလည်း စက်သုံးဆီ ဂယက်က အတော်ကြီး သက်ရောက်မှု ကြီးမားနေပါတယ်။ ရောင်းချပေးနေကဲ့ ဆိုင်ကြီးတွေမှာ နေ့စဉ် တန်းစီပြီး ဝယ်ယူနေကြရပါတယ်။ လိုအပ်သလောက် ရတဲ့နေ့ ရှိသလို အကန့်အသတ်နဲ့ ရတဲ့ အခါလည်း ရှိနေတယ်။ ပြည်သူလူထု လိုအပ်ချက်ပေါ် မူတည်ပြီး ဈေးနှုန်း အတက်အကျလည်း ဖြစ်ပေါ်လာပါတယ်။ ဒီရက်ပိုင်းအတွင်း အများပြည်သူအသုံးများတဲ့ 92 စက်သုံးဆီ တစ်လီတာ ၅၀၀ လောက်အထိ ဈေးနှုန်းမြင့်တက်သွားပါတယ်။ စက်သုံးဆီဂယက်က တောကြောင်တွေအတွက် အကွက်ဖြစ်နေပြီလားဆိုတာတော့ ... ။ ။



Journal Download

Photo of three cats