စက်သုံးဆီစျေး မြင့်တက်လာမှုကြောင့် တစ်ပိုင်တစ်နိုင်စျေးသည်များလည်း ခက်ခဲလာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စက်သုံးဆီစျေး မြင့်တက်လာမှုကြောင့် တစ်ပိုင်တစ်နိုင်စျေးသည်များလည်း ခက်ခဲလာ

စက်သုံးဆီ စျေးနှုန်းများ အဆမတန် မြင့်တက်လာနေသည့်အတွက် ရှမ်းပြည်နယ် တောင်ပိုင်းရှိ ဟင်းရွက်စုံနှင့် စားသောက်ကုန် ရောင်းချနေသည့် တစ်ပိုင်တစ်နိုင် စျေးသည်များလည်း ရပ်တည်ရန် ခက်ခဲလာနေကြောင်း ယင်းဈေးသည်များထံမှ သိရသည်။

.

မြို့တော် တောင်ကြီးတွင် မော်တော်ဆိုင်ကယ် ဖြင့်သော်လည်းကောင်း၊ မော်တော်ယာဉ်ဖြင့် သော်လည်းကောင်း ဟင်းရွက်စုံ အပါအဝင် အခြား စားသောက်ကုန် လိုက်လံရောင်းချနေသည့် စျေးသည် အများအပြား ရှိနေရာ ယခုတွင် စက်သုံးဆီစျေးနှုန်း မြင့်တက် နေသည့်အတွက် အခက်အခဲ ဖြစ်ပေါ်နေရခြင်း ဖြစ်သည်ဟု သိရသည်။

.



" အရင်က ဆိုင်ကယ်ထဲကို ဆီ ၅၀၀၀ ဖိုးလောက် ထည့်ထားရင် တစ်နေကုန် စျေးပတ် ရောင်းလို့ရတယ်။ အခုတော့ ၁၀၀၀၀ ဖိုး ထည့်တာတောင် မလောက်တော့ဘူး။ စျေးရောင်းရတဲ့ အမြတ်က ဓါတ်ဆီဖိုးထဲ ပါသွားတော့ ဆက်ရောင်းဖို့တောင် ခက်လာတယ်။" ဟု မော်တော်ယာဉ်ဖြင့် ဟင်းရွက်စုံ ရောင်းသည့် စျေးသည်တစ်ဦးက ပြောသည်။

.

စက်သုံးဆီ စျေးနှုန်း မြင့်တက်လာခြင်းနှင့်အတူ အခြေခံစားသောက်ကုန် စျေးနှုန်းများလည်း မြင့်တက်လာသဖြင့် စားသုံးသူများမှ ဝယ်ယူမှု နည်းပါးလာသည့်အတွက် စျေးသည်အချို့ ဈေးရောင်းရပ်ထားရသည့် အခြေအနေပင် ဖြစ်နေကြောင်း သိရသည်။

.

" နေ့ပြန်တိုးနဲ့ ယူပြီး စျေး လိုက် ရောင်းတာပေါ့။ ကုန်စျေးနှုန်းတွေ တက်လာတော့ ဒီနေ့ ရောင်းပြီး မနက်ဖြန် အတွက် ပြန်ပြီး မရင်းနိုင်တာမျိုးတွေ ဖြစ်လာတယ်။ယူထားတဲ့ နေ့ပြန်တိုးတွေ ပြန်မဆပ်နိုင်တော့ အတိုးပေါ် အတိုးဆင့်ပြီး စျေးရောင်းတဲ့ ဆိုင်ကယ်ကို ရောင်းပြီး ဆပ်လိုက်ရတာ။ အရင်းပြုတ်တာ။ " ဟု ဈေးရောင်း ရပ်နားလိုက်ရသည့် လူငယ် တစ်ဦးက ပြောသည်။

.

စစ်အာဏာသိမ်းမှု အကျိုးဆက်ကြောင့် အခြေခံ လူတန်းစားများ အပါအဝင် ပြည်သူများ စားဝတ်နေရေး အတွက်ပင် ကြပ်တည်းလာနေသော်လည်း အာဏာသိမ်း စစ်ခေါင်းဆောင်ကမူ စီးပွားရေး မြင့်တက်လာရန် ဆောင်ရွက်မည်ဟု ပြော‌ဆိုနေလျက် ရှိသည်။

Journal Download

Photo of three cats