တောင်ကြီးမြို့မဈေး အနောက်ဘက်ခြမ်းရှိ ပျံကျဈေးသည်များအား စည်ပင်က ဖယ်ရှားခိုင်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့မဈေး အနောက်ဘက်ခြမ်းရှိ ပျံကျဈေးသည်များအား စည်ပင်က ဖယ်ရှားခိုင်း

.

တောင်ကြီးမြို့၊ မြို့မဈေးအနောက်ဘက်ခြမ်းရှိ လမ်းမဘေးတွင် ရောင်းချနေသည့် ပျံကျဈေးသည်များအား လွန်ခဲ့သည့် ရက်ပိုင်းအတွင်းမှ စတင်၍ စစ်ကောင်စီလက်အောက်ခံ စည်ပင်သာယာရေးဌာနက ဖယ်ရှားရှင်းလင်းခိုင်းနေကြောင်း သိရသည်။

.

.

မြို့မဈေးအနောက်ဘက်ရှိ စဝ်စံထွန်းလမ်းပေါ်နှင့် မီးသွေးတန်းလမ်းဆုံအနီး၊ ကုန်သည်လမ်းပေါ်တွင် ရောင်းချ နေသော ဈေးသည်များကို ဈေးရောင်းချခြင်းမပြုရန် တားမြစ်ပြီး ရောင်းချနေသည့် ဈေးသည်များအား တွေ့ရှိပါက ရှမ်းပြည်နယ်စည်ပင်သာယာရေးဥပဒေဖြင့် အရေးယူသွားမည်ဟု စစ်ကောင်စီ၏ မြို့နယ်စည်ပင်သာယာရေးဌာနက ဈေးသည်များအား လိုက်လံပြောဆိုကာ ဖယ်ရှားခိုင်းနေခြင်းဖြစ်သည်။

.

“အခုလို အားလုံးခက်ခဲနေတဲ့အချိန် ဒီနေရာမှာ ဈေးမရောင်းရဘူးဆိုတော့ ကျွန်မတို့က ဘယ်မှာသွားပြီး ရောင်းရ မှာလဲ။ နေရာပြန်လုပ်ပေးတာမျိုးလည်း မရှိဘူး။ ဒီနေ့ (ဩဂုတ်လ ၂၉ ရက်) မနက်ပိုင်းမှာ ရောင်းချနေတဲ့ ဈေးသည် တွေကို လိုက်ပြီး မောင်းထုတ်နေပါတယ်” ဟု မြို့မဈေးအနောက်ဘက်တွင် ပျံကျ ဈေးရောင်းချသူတစ်ဦးက ပြောသည်။

.

ပျံကျဈေးသည်များအနေဖြင့် ယခုကဲ့သို့ ဈေးရောင်းချခွင့်မရသည့်အတွက် မိသားစုစားဝတ်နေရေး အခက်အခဲများ ဖြစ်ပေါ်လာနေသည့်အပြင် နေ့စဉ် နေ့ပြန်တိုး ချေးငွေ ရယူထားသူများအနေဖြင့် ချေးငွေ ပြန်ဆပ်ရန် အခက်အခဲများ ဖြစ်ပေါ်လာနေကြောင်း သိရသည်။

.

မြို့မဈေးအနောက်ဘက် စဝ်စံထွန်းလမ်းနှင့် အနီးတစ်ဝိုက် နေရာရှိ ပျံကျဈေးသည် နေ့စဉ် မြို့နေလူထု အဓိက ဈေးသုံးရာ လက်လီဈေးတစ်ခုဖြစ်ပြီး မီးသွေးတန်းလမ်းဆုံအနီး၊ ကုန်သည်လမ်းပေါ်ရှိ နံနက်အစောပိုင်းဈေး မှာ ဒေသထွက် ဟင်းသီးဟင်းရွက်များ လက်လီလက်ကား ရောင်းချနေသည့် ဈေးတစ်ခုဖြစ်ကြောင်း သိရသည်။

.

ထို့အတူ တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း (မိန်းလမ်း) တစ်လျှောက်တွင် အချိန်ပိုင်းဖြင့် ရောင်းချသော ပျံကျဈေးသည်များကိုလည်း ဈေးရောင်းချခြင်းမပြုရန် စည်ပင်သာယာရေးဌာနက ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းတွင် အကြောင်းကြားခဲ့သေးသည်။

.

Journal Download

Photo of three cats