.
တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊
ကျောက်တလုံးကြီးသွား လမ်းမဘေး၊ တောင်ကြီးတက္ကသိုလ် အနီးရှိ ဈေးဆိုင်ခန်းများကို ဒူရ်ဂါမယ်တော်
ဂေါ်ရခါးဘုရားကျောင်း ဂေါပကအဖွဲ့က အကြောင်းပြချက် မရှိဘဲ ဖယ်ရှားခိုင်း ထားသည်ဟု သိရသည်။
.
.အဆိုပါ ဆိုင်ခန်းများသည်
တောင်ကြီးတက္ကသိုလ် နယ်မြေအတွင်း ပါဝင်ပြီး ဒူရ်ဂါမယ်တော် ဘုရားကျောင်း ပိုင်နက် အတွင်း
ပါဝင်ခြင်းမရှိကြောင်း နေထိုင်သူများက ပြောဆိုကြသည်။
.
“ဒီနေရာမှာ နေလာတာ
နှစ်ပေါင်း ၃၀ လောက် ရှိပြီ။ ၂၀၀၆ ခုနှစ်တုန်းကလည်း အခုလို တစ်ခါ ဖယ်ခိုင်းခဲ့သေးတယ်။
အဲဒီတုန်းက သူတို့ (ဒူရ်ဂါမယ်တော်ဘုရားကျောင်း) မှာလည်း ပိုင်ဆိုင်မှုအထောက်အထား မရှိခဲ့ဘူး။
အခုလည်း ရှိတယ်လို့ ပြောပြီး ဖယ်ခိုင်းပေမဲ့ ဘယ်လိုပိုင်ဆိုင်တာလဲလို့ မေးတော့ ဘာမှ
ပြနိုင်ခြင်းမရှိဘူး။ လက်မှတ်ထိုးခိုင်းပေမဲ့ ဆိုင်ခန်းအားလုံးက မထိုးပေးကြပါဘူး။ ကျွန်တော်တို့အနေနဲ့
မိသားစု စားဝတ်နေရေးတွေ ရှိတဲ့အတွက် ဖယ်ရှားပေးဖို့ လည်း မလွယ်ပါဘူး” ဟု ယင်းနေရာတွင်
နေထိုင် ဈေးရောင်းချနေသူတစ်ဦးက ပြောသည်။
.
ဆိုင်ခန်းများ ဖယ်ရှားရေးအတွက်
ဒူရ်ဂါမယ်တော် ဘုရားကျောင်း ဂေါပကအဖွဲ့က ဆိုင်ခန်းများတွင် နေထိုင်သူ များအား အစည်းအဝေး
၃ ကြိမ် ခေါ်ယူတွေ့ဆုံခဲ့ပြီး ယခုနှစ်၊ ဒီဇင်ဘာလ နောက်ဆုံးထား၍ ဖယ်ရှားပေးရန် ပြောဆို
ထားကြောင်း သိရသည်။
.
“COVID-19 ကာလကတည်းက စီးပွားရေးက အဆင်မပြေတော့တာ
အခုလို ရုတ်တရက်ကြီး ဖယ်ပေးရမယ် ဆိုတော့ ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး။ ဘာကြောင့် ဖယ်ခိုင်းတာလဲလို့
မေးတော့လည်း သေသေချာချာ ဘာမှမပြောဘူး။ ဆိုင်တွေ ဖယ်ပေးလိုက်ရတာနဲ့ မိသားစုတွေအများကြီး
ဒုက္ခရောက်သွားနိုင်တယ်” ဟု အခြား ဆိုင်ခန်းရှင်တစ်ဦးက လည်း ပြောဆိုခဲ့သည်။
.
ယင်းဆိုင်ခန်းများအတွင်း
နေထိုင် ဈေးရောင်းချသူ အများစုမှာ လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ခန့်ကတည်းက ရောင်းချ နေခြင်းဖြစ်ပြီး
ဒူရ်ဂါမယ်တော် ဘုရားကျောင်းနှင့် မည်သည့် စာချုပ်စာတမ်းမျှ ချုပ်ဆိုထားခြင်းမရှိဘဲ
နောက်ပိုင်းမှ တစ်ဆင့်ပြန်လည်ဝယ်ယူထားသည့် ဆိုင်ခန်းအချို့ကိုသာ ဂေါပကအဖွဲ့က စာချုပ်ပြုလုပ်ပေးထားကြောင်း
သိရသည်။
.
ပြီးခဲ့သည့် ၂၀၀၆ ခုနှစ်ကလည်း
ဆိုင်ခန်းများကို ဂေါပကအဖွဲ့က ဖယ်ရှားပေးရန် တရားစွဲဆိုခဲ့ဖူးပြီး ထိုစဉ်က ဘုရားကျောင်း
အနေဖြင့် မြေပိုင်ဆိုင်မှုအထောက်အထား သက်သေမပြနိုင်သည့်အတွက် ဆိုင်ခန်းရှင်များက အနိုင်ရရှိခဲ့ကြောင်း
သိရသည်။
.
အဆိုပါ နေရာတွင် လက်ရှိ
ဈေးရောင်းချ၊ နေထိုင်နေသည့် ဆိုင်ခန်း စုစုပေါင်း ၁၆ ခန်းရှိကြောင်း သိရသည်။
.