ဖယ်ခုံမြို့နယ်၊ လွယ်ပေါ်ကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ ဩဂုတ်လ ၂၅ ရက်၊ နံနက်ပိုင်းတွင် တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ ဝင်ရောက် စီးနင်း ပစ်ခတ်ခဲ့ခြင်းကြောင့် ပြည်သူတစ်ဦး ကျည် ထိမှန် ဒဏ်ရာရခဲ့ကြောင်း သိရသည်။
.
ဆောင်နန်းခဲရွာနှင့် လွယ်မကူး တောင်ပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်များသည် အဖွဲ့ ၂ ဖွဲ့ ခွဲ၍ လွယ်ပေါ်ရွာအတွင်းသို့ စီးနင်းဝင်ရောက် ပစ်ခတ်ခဲ့ခြင်း ဖြစ်ပြီး ယင်း ပစ်ခတ်မှုကြောင့် အသက် ၄၀ ခန့်အရွယ် ဒေသခံ ရွာသား တစ်ဦး၏ လက်မောင်းတွင်သေနတ်ကျည် ထိမှန် ဒဏ်ရာရခဲ့ခြင်း ဖြစ်ကြောင်း ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်၊ တပ်ရင်း(၂) က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
.
ထို့အတူ စစ်ကောင်စီတပ်က တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ ဝင်ရောက်စီးနင်း ပစ်ခတ်မှုကြောင့် ရွာသားများ အသက်လု ပြေးလွားခဲ့ရသည်ဟုလည်း ဆိုသည်။
.
လွယ်ပေါကျေးရွာ အပါအဝင် အနီးဝန်းကျင်ရှိ ကျေးရွာ ၇ ရွာမှ ဒေသခံ ပြည်သူများသည် ပြီးခဲ့သည့် မေလမှ စတင်၍ စစ်ရှောင်နေကြခြင်း ဖြစ်ပြီး ရွာသားအချို့မှာ လွယ်ပေါရွာသို့ ခိုးဝင်ကြည့်ရှုလေ့ ရှိကြောင်းနှင့် ယင်းကျေးရွာတွင် ပြည်သူ့ကာကွယ်ရေးတပ်များ တပ်စွဲနေထိုင်ခြင်း မရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။