.
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏
မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာက မြန်မာနိုင်ငံ ခရီးစဉ်အတွင်း
စစ်ကောင်စီခေါင်းဆောင်နှင့် တွေ့ဆုံခဲ့မှုသည် စစ်ကောင်စီကို တရားဝင်အသိအမှတ်ပြုခြင်းမဟုတ်
ကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။
.
အထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာသည်
ယမန်နေ့ ဩဂုတ်လ ၁၇ ရက်က နေပြည်တော်တွင် စစ်ကောင်စီ ခေါင်းဆောင်နှင့် တွေ့ဆုံစဉ် ယင်းကဲ့သို့
ပြောဆိုခဲ့ခြင်းဖြစ်သည်ဟု ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားသည်။
.
“ကျွန်မရဲ့ အခုခရီးစဉ်က
ကုလသမဂ္ဂရဲ့ စိုးရိမ်ပူပန်မှုကို ပြောကြားဖို့နဲ့ ပြည်သူတွေ ဘေးဒုက္ခ ခံစားနေရတာနဲ့
ပဋိပက္ခတွေကို ဖြေလျှော့ဖို့ လိုအပ်နေတဲ့ ခိုင်မာအားကောင်းတဲ့ ဆောင်ရွက်ချက်တွေကို
အဆိုပြုဖို့ ဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ ထိတွေ့ဆက်ဆံမှုက မည်သည့်နည်းနဲ့မျှ တရားဝင်မှုကို
ပေးဆောင်ခြင်း မဟုတ်ပါဘူး။ မြန်မာပြည်သူ ပြည်သားတွေဟာ ဒီမိုကရေစီနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို
အကြောက်တရားကင်းမဲ့စွာနဲ့ ရရှိပိုင်ခွင့် ရှိပါတယ်” ဟု မစ္စ နိုလင်းဟေဇာက ပြောဆိုခဲ့သည်။
.
တွေ့ဆုံမှုအတွင်း နိုလင်းဟေဇာက
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပေးရန်နှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် စီးပွားရေးအကြံပေး
ဩစတေးလျနိုင်ငံသား မစ္စတာ ရှောင်တာနယ်တို့ကို လွှတ်ပေးရေး၊ ဒီမိုကရေစီ လိုလား တက်ကြွသူများအား
ကွပ်မျက်ခြင်းကို ချက်ခြင်းဆိုင်းငံ့ရေးနှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး လွှတ်ပေးရေး
တို့ကို တိုက်တွန်းတောင်းဆိုခဲ့သည်ဟု သိရသည်။
.
စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ
ဇော်မင်းထွန်းကမူ ယမန်နေ့ ဩဂုတ်လ ၁၇ ရက်က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ရာဇဝတ်မှုဆိုင်ရာ
စွဲချက်တင်ခံထားရသူများကို တွေ့ဆုံခွင့်ပြုမည်မဟုတ်ကြောင်း ပြောဆိုထားသည်။
.