.
တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်းရှိ
မောချယ်ရီကားဝင်းနှင့် ရှမ်းရိုးမတိုက်တန်းရှိ ဆိုင်ခန်းများကို စစ်ကောင်စီတပ် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်က
ဖယ်ရှားခိုင်းထားကြောင်း သိရသည်။
.
.အဆိုပါ ဆိုင်ခန်းများကို
ဩဂုတ်လ ၂၈ ရက် နောက်ဆုံးထား ဖယ်ရှားရန် အကြောင်းကြားထားခြင်းဖြစ်ပြီး စစ်ကောင်စီ လက်အောက်ခံ
လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းကလည်း ဩဂုတ်လ ၂၀ ရက်၊ နေ့လယ် ၁၂ နာရီမှစ၍ လျှပ်စစ်မီးဖြတ်တောက်မည်ဖြစ်ကြောင်း
အကြောင်းကြားစာများ ပေးပို့ထားသည်ဟု သိရသည်။
.
“သူတို့က ၂၈ ရက် နောက်ဆုံးထားပြီး
ဖယ်ခိုင်းထားပါတယ်။ ပြီးခဲ့တဲ့ရက်ကပဲ EPC
ကလည်း မီတာတွေ လာဖတ်၊ ဓါတ်ပုံရိုက်ပြီး ၂၀ ရက်နေ့ မီးဖြတ်မယ်ဆိုတဲ့စာတွေ
ပေးခဲ့ပါတယ်” ဟု ရှမ်းရိုးမတိုက်တန်းအတွင်း နေထိုင်သူ တစ်ဦး က ပြောသည်။
.
ထို့အတူ ယင်းတိုက်တန်းတွင်
အရောင်းပြခန်း ဖွင့်လှစ်ထားသည့် လုပ်ငန်းတစ်ခုမှ မန်နေဂျာကလည်း “ချက်ချင်းကြီး ဆိုတော့
ကျွန်တော်တို့အနေနဲ့ အခန်းပြန်ရှာဖို့က မလွယ်သေးပါဘူး။ လောလောဆယ်တော့ အရောင်းပြခန်း
ပြန်မဖွင့်နိုင် သေးရင်တောင် ကျွန်တော်တို့ ပစ္စည်းတွေထားဖို့နဲ့ ကလေးတွေနေနိုင်ဖို့
အိမ်တစ်လုံးတော့ မဖြစ်မနေ အားချင်းရှာမှ ရမှာပါ” ဟု ပြောဆိုခဲ့သည်။
.
အဆိုပါ မောချယ်ရီကားဝင်းနှင့်
ရှမ်းရိုးမတိုက်တန်းများကို ယခင်စစ်အစိုးရ နဝတ၊ နအဖ လက်ထက်များက ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး
၂၀၁၉ ခုနှစ်ကတည်းက ဖယ်ရှားရန် အကြောင်းကြားခဲ့ရာ အကြိမ်ကြိမ် အသနားခံစာ တင်ပြခဲ့သဖြင့်
ဆိုင်းငံ့ထားခဲ့ပြီးနောက် ယခုအခါ ၅ ကြိမ်မြောက်အဖြစ် ဖယ်ရှားရန် ထပ်မံသတိပေးလာခြင်း
ဖြစ်ကြောင်း သိရသည်။
.
မောချယ်ရီကားဝင်းရှိ
ဆိုင်ခန်းများ ဖယ်ရှားခိုင်းခြင်းမှာ အေးသာယာတွင် အသစ်ဆောက်လုပ်ထားသော ယာဉ်ရပ်နား စခန်းသို့
ပြောင်းရွှေ့ရန်အတွက် ဖိအားပေးခိုင်းစေခြင်းဖြစ်ပြီး ငွေကြေးမတတ်နိုင်သော ယာဉ်လိုင်းများ
အနေဖြင့် ယင်းယာဉ်ရပ်နားစခန်းအသစ်တွင် မဝယ်ယူနိုင်သည့်အတွက် လုပ်ငန်းများ ရပ်နားသွားရန်
ရှိနေကြောင်း လည်း သိရသည်။
.
ယင်းကားကွင်းသစ်ရှိ
ဂိတ်ခန်းများမှာ တစ်ခန်းလျှင် ၈၅ သိန်းခန့် ကျသင့်မည်ဖြစ်ပြီး တစ်နှစ်အတွင်း အပြီးငွေချေရန်
စစ်ကောင်စီက ဖိအားပေးထားကာ မောချယ်ရီကားဝင်းရှိ ယာဉ်လိုင်းဂိတ် အများစုမှာ မဝယ်ယူနိုင်သည့်အတွက်
လုပ်ငန်း ရပ်နားရမည့်အခြေအနေတွင် ရှိနေကြောင်း သိရသည်။
.
အနောက်မြို့ပတ်လမ်း၊
ကျောင်းကြီးစုရပ်ကွက်အတွင်းရှိ ရှမ်းရိုးမတိုက်တန်းမှာ နအဖ စစ်အစိုးရလက်ထက်က ယခင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း၊
ပြည်ခိုင်ဖြိုးပါတီမှ ဦးစံလင်း ဆောက်လုပ်ခဲ့သည့် တိုက်တန်းများ ဖြစ်ကြောင်း သိရသည်။
.