ပင်းတယမြို့ အမည်အား အလွဲသုံးစား ပြုထားသည့် စစ်ကောင်စီ အာဘော်များကို ရေးသားနေသည့် လူမှုကွန်ရက် (Facebook) စာမျက်နှာ တစ်ခုက သတင်း အမှားများ ဖြန့်နေသည်ဟု သိရသည်။
.
Pindaya People's Voice အမည်ရှိ စာမျက်နှာသည် " YPDF လူသတ်သမား ၃ ဦးအား ဖမ်းဆီးရမိသတင်း " ခေါင်းစဉ်ဖြင့် ယမန်နေ့ ဩဂုတ်လ ၁၄ ရက်တွင် လုပ်ကြံ သတင်းအမှားတစ်ခုကို ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။
.
" လုံခြုံရေးတပ်ဖွဲ့မှ ရွာငံဒေသ၊ တဲလုကျေးရွာ အနီး တောင်ယာ(တဲ) တစ်လုံးအား တက်ရောက်ရှင်းလင်းစဉ် တောင်ယာတဲအတွင်းမှ PDF များက စတင် ပစ်ခတ်သဖြင့် လုံခြုံရေးအဖွဲ့မှ ပြန်လည် ပစ်ခတ်ဖမ်းဆီးရာ PDF အဖွဲ့ဝင် အလောင်း ၃ လောင်း၊ ပစ္စတို ၁ လက်၊ လက်နက်ငယ် အရှည် ၂ လက်၊ ပေါင်း ၃ လက် ခဲယမ်းများနှင့်အတူ သိမ်းဆည်းရမိခဲ့ကြောင်း " Pindaya People's Voice က သတင်းအမှားကို ဖော်ပြခဲ့ခြင်း ဖြစ်သည်။
.
မြေပြင်သတင်းများအရ အဆိုပါ ဒေသတွင် ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ခြင်း မရှိသည့် အပြင် ပင်းတယပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) နှင့် ဂျိုးဖြူပြောက်ကျားတပ်ဖွဲ့က (JPGF) ကလည်း သတင်းအမှား ဖြစ်ကြောင်း အတည်ပြုထားသည်။
.
၎င်းတို့ အဖွဲ့သားများမှာ ကျဆုံးခြင်း မရှိဘဲ လုံခြုံစွာ ရှိနေပြီး သတင်းအမှားသာ ဖြစ်ကြောင်းနှင့် အထူးကွန်မန်ဒို ပြောက်ကျားသင်တန်းတွင် ပြင်းပြင်းထန်ထန် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေသည်ဟု YPDF ၊ JPGF က ထုတ်ပြန် အသိပေးထားသည်။
.
" စစ်အာဏာ သိမ်းပြီး နောက်ပိုင်းမှာ သတင်းအမှား ဖြန့်နေတဲ့ စစ်ကောင်စီ အာဘော် Page တွေ အများကြီး ရှိနေတယ်။ ရှမ်းပြည်မှာ ပို များလာတယ်။ " ဟု သတင်းသမား တစ်ဦးက ပြောသည်။