​​​​ဖြူနီကြားနဲ့ တောင်ကြီးသားတို့ရဲ့ ဒုက္ခ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

​​​​ဖြူနီကြားနဲ့ တောင်ကြီးသားတို့ရဲ့ ဒုက္ခ

တောင်ကြီးမြို့ပေါ်မှာ အဓိက လမ်းမကြီး သုံးခု ရှိပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ အရှေ့မြို့ပတ်လမ်းနဲ့ အနောက်မြို့ပတ်လမ်းပါ။ ဒီလမ်းမကြီး သုံးခုဟာ မြို့ပေါ်နေ ပြည်သူတွေ အများဆုံး ပို အသုံးပြုကြတဲ့ လမ်းမကြီးတွေ ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးကတော့ မြို့ပေါ်နေပြည်သူတွေ ပို အသုံးပြုကြပါတယ်။ အကြောင်းရင်းကတော့ တောင်ကြီးမြို့ရဲ့ အချက်အချာကျတဲ့ ဈေးကြီးတွေ၊ မီနီမားကက်တွေ၊ ဟိုတယ်၊ ဘဏ်လုပ်ငန်း၊ ကုမ္ပဏီအရောင်းစင်တာ၊ အိမ်သုံးဆေးဝါးအရောင်းဆိုင် ၊ ရုပ်ရှင်ရုံ အစရှိတဲ့ လုပ်ငန်း အများစု ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး တစ်လျှောက်မှာတည်ရှိနေလို့ပါ။ တစ်ခြားလူသုံးကုန် အရောင်းဆိုင်တွေလည်း ဒီလမ်းမကြီးဘေးမှာ အများအပြား ရှိနေပါတယ်။

.


ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးဘေး ဝဲယာတစ်လျှောက် ဖွင့်လှစ်ရောင်းချနေတဲ့ ဈေးဆိုင်တွေဟာ တောင်ကြီးမြို့ရဲ့ ပြယုဂ်တစ်ခုလို့လည်း ဆိုနိုင် ပါတယ်။ တောင်ကြီးမြို့ကို လာရောက်တဲ့ ဧည့်သည်မှန်သမျှ ဗိုလ်ချုပ်လမ်းမဘေးက ဆိုင်တွေကို အဓိက ဦးတည် ဝင်ထွက်သွားလာကြပါတယ်။ တည်းခိုနေထိုင်ဖို့အတွက်လည်း သွားလမ်းသာတဲ့ ဗိုလ်ချုပ်လမ်းပေါ်က တည်းခိုခန်းတွေကို ဦးစားပေးရွေးချယ်တတ်ကြပါတယ်။ လတ်တလော တောင်ကြီးမြို့ပေါ်နေ ပြည်သူတွေနဲ့ လာရောက်လည်ပတ်တဲ့ဧ ည့်သည်တွေအတွက် စစ်ကောင်စီလက်အောက်ခံ ရှမ်းပြည်နယ်အစိုးရက သွားလာရေးအခက်အခဲဖြစ်အောင် အဟန့်အတား တစ်ခု ဖန်တီး လိုက်ပါတယ်။

.

တောင်ကြီးမြို့ရဲ့ အဓိက လူသုံးအများဆုံး လမ်းမကြီးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းဘေး ဝဲယာတစ်လျှောက်ကို ယာဉ်မရပ်ရ ဖြူနီကြား အမှတ် အသား ပြုလုပ်လိုက်ပါတယ်။ သူတို့ပြုလုပ်တဲ့ ဖြူနီကြား အမှတ်အသားက တောင်ကြီးမြို့ တောင်ဘက်အဝင် သစ်တောဂိတ်ကနေ မြောက်ဘက်အထွက် က ရင်မရေထွက်အထိ ဖြစ်ပါတယ်။ ဒီလိုဆင်ခြင်တုံ တရားမဲ့ ပေါက်ပန်းလေးဆယ် ဦးနှောက်တွေနဲ့ လုပ်လိုက်တဲ့အတွက် တောင်ကြီးမြို့ ဗိုလ်ချုပ်လမ်းမဘေး တစ်လျှောက် ယာဉ်ရပ်နားစရာ နေရာ လုံးဝ မရှိပါဘူး။ ဗိုလ်ချုပ်လမ်းမပေါ် မော်တော်ကား၊မော်တော်ဆိုင်ကယ် အသုံးပြုသွားလာဖို့အတွက်အတော်ကြီးကို အခက်အခဲ ကြုံတွေ့ကြရတယ် ဆိုပါတယ်။

.

" ကား ဆိုင်ကယ်တွေ ရပ်လို့ရအောင် အရင်ဆုံး မစီစဉ်ဘဲနဲ့ ရပ်လို့ မရအောင် လုပ်လိုက်တယ်ဗျာ။ ဒီလမ်းဘေး တစ်လျှောက်မှာ ဈေးဆိုင်ခန်းတွေက အများကြီး ရှိနေတာပါ။ သွားလာရေးအတွက် ကားဆိုင်ကယ်တွေကို အသုံးပြုနေရတာ အခုလို လုပ်လိုက်တော့ ဘယ်နားသွား ရပ်ရမှန်း မသိတော့ဘူး။ ကား ရပ်လို့ မရတော့ ဆိုင်ခန်းထဲ လိုအပ်တဲ့ပစ္စည်း အတင်အချ လုပ်ဖို့လည်း အဆင်မပြေတော့ဘူး။" လို့ ဗိုလ်ချုပ်လမ်းမဘေးဈေးဆိုင်ဖွင့်ထားသူတစ်ယောက်ကပြောတယ်။

.

ပြည်သူလူထု ဘယ်လို အခက်အခဲ ဖြစ်မယ်ဆိုတာ မစဉ်းစားဘဲ သူတို့ လုပ်ချင်တာ လုပ်ကြတာမျိုးပါ။ဆိုင်ဖွင့်ချင်ရ င်လမ်းလျှောက်ပြီးလာ၊ ပစ္စည်းအတင်အချ လုပ်ချင်ရင် ကိုယ်တိုင်ထမ်းပြီး သယ်လို့ဆိုတဲ့ သဘောမျိုးပါ။

.

အဓိကကျတဲ့ ဗိုလ်ချုပ် လမ်းမကြီးဘေး ဝဲယာတစ်လျှောက်လုံး ဖြူနီကြား လုပ်ပြီး သြဂုတ်လ ၂၂ ရက်မှာ စတင် ဖမ်းဆီးအရေးယူမှုတွေ ပြုလုပ်ပါတယ်။ အဲဒီနေ့မှာပဲ ယာဉ် အစီးရေ အများအပြား ဖမ်းဆီး အရေးယူခံရကြောင်း ဒေသခံတွေက ပြောပါတယ်။ သြဂုတ်လ ၂၆ ရက်နေ့မှာ ဖြူနီကြား ရပ်မိတဲ့ ယာဉ်တွေကို ကားဘီး သော့နဲ့ခတ်ပြီး အရေးယူမှုပြုလုပ်ပါတယ်။ လိုင်စင်ပါတဲ့ ယာဉ်ဆိုရင် ၂၀၂၀ ပြည့်နှစ် ယာဉ်အန္တရယ်ကင်းရှင်းရေး နဲ့မော်တော် ယာဉ် စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၉၆ နဲ့ အရေးယူပြီး၊လိုင်စင်မဲ့ယာဉ် ဖြစ်နေရင် ၂၀၁၂ ခုနှစ်၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ အရ အရေးယူပြီး လာရောက် မဖြေရှင်းနိုင်ခဲ့ရင် ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းမယ်လို့ ဆိုပါတယ်။

.

" အခုဆိုရင် မိန်းလမ်းပေါ် ကားဆိုင်ကယ်နဲ့ သွားဖို့ဘယ်လိုမှ အဆင်မပြေတော့ဘူး။ ကျွန်မဆိုရင် အိမ်မှာ သက်ကြီးရွယ်အိုတွေ ရှိတဲ့အတွက် မြသုခ ရုပ်ရှင်ရုံတောင်ဘက်က ဆေးဆိုင်မှာ အမြဲတမ်း ဆေးသွားဝယ်ရတယ်။ အခုလို လုပ်လိုက်တော့ အိမ်သုံးဆေးဝါး ဝယ်ဖို့တောင် အခက်အခဲ ဖြစ်သွားတာပေါ့။ လမ်းကြိုလမ်းကြားထဲ ဆိုင်ကယ် ရပ်ပြီးလမ်းလျှောက်သွား ဝယ်ပြန်ရင်လည်း ဆိုင်ကယ်ပျောက်မှာ ကြောက်ရသေးတယ်လေ။ ဆိုင်ကယ်ပျောက်သွားရင် ပြန်မရတာများတော့ စိတ်ချလက်ချကြုံတဲ့နေရာလည်း မထားခဲ့ရဲဘူး။ ပြည်သူကို ဒုက္ခပေးပြီး တမင်သက်သက် စားပေါက် ရှာတာလို့ပဲ မြင်တယ်" လို့ တောင်ကြီးဒေသခံ အမျိုးသမီး တစ်ယောက်က ပြောတယ်။

.

ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးတစ်လျှောက် ဖြူနီကြား လုပ်ပြီး ဖမ်းဆီးအရေးယူ လုပ်စားနေတဲ့အတွက် တောင်ကြီးမြို့ပေါ်နေ ပြည်သူတွေကြား ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။ စီးပွားရေးခက်ခဲ ကျပ်တည်းနေချိန်မှာ အခုလို လုပ်လိုက်တဲ့အတွက် ဗိုလ်ချုပ်အောင်ဆန်း လမ်းမဘေး ဝဲယာတစ်လျှောက်က ဈေးဆိုင်တွေ ဘူးလေးရာ ဖရုံဆင့် ဆိုသလို ဖြစ်စေပါတယ်။ အစိုးရကောင်း တစ်ရပ်ဆိုတာ ပြည်သူလူထုကို မျက်နှာမူရပါတယ်။ပြည်သူလူထု အခက်အခဲ ဖြစ်စေမယ့် အရာဆိုရင် စဉ်းစားချင့်ချိန်ပြီး လုပ်ကိုင် ဆောင်ရွက်ရပါတယ်။ 

မကောင်းတဲ့ အစိုးရတစ်ရပ် ဖြစ်လို့ ပြည်သူတွေရဲ့ ဒုက္ခကို မျက်ကွယ်ပြုနေတာလား။ အစိုးရရယ်လို့ ဘယ်သူကမှ အသိအမှတ် မပြုလို့ လုပ်ချင်ရာ လုပ်တာလ ဆိုတာတော့ ...။ ။

Journal Download

Photo of three cats