.
ကရင်နီ (ကယား) ပြည်နယ်တွင်
ဩဂုတ်လ ၁ ရက်မှ ၇ ရက်အထိ ရက်သတ္တ တစ်ပတ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲ များအတွင်း
စစ်ကောင်စီတပ်သား ၅ ဦးထက်မနည်း သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကရင်နီ
အမျိုးသားများကာကွယ်ရေးတပ် (KNDF) က ယနေ့ ဩဂုတ်လ ၈ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။
.
.
ကရင်နီ (ကယား) ပြည်နယ်၊
ဒီးမော့ဆိုမြို့နယ်၊ သေးဆူလဲကျေးရွာအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် နယ်မြေလုံခြုံရေး
ရယူနေသော ကရင်နီတပ်မတော် (KA)၊ KNDF တို့အကြား ဩဂုတ်လ ၁ ရက်၊ နံနက်ပိုင်းက ထိတွေ့တိုက်ပွဲများ
ဖြစ်ပွားခဲ့ကြောင်း KNDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
ထို့အတူ ဒီးမော့ဆိုမြို့မရဲစခန်း
အား ဩဂုတ်လ ၆ ရက်က KNDF-B10 မှ အလစ် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံးခဲ့ ကြောင်း
သိရသည်။
.
ဩဂုတ်လ ၂ ရက်၊ နံနက်ပိုင်းတွင်လည်း
ဒီးမော့ဆိုမြို့၊ ငွေတောင်အခြေစိုက် ခမရ (၄၂၇) တပ်စခန်းမှ စံပြ (၆) မိုင် ဘက်သို့ စစ်ကြောင်းထိုးလာသော
စစ်ကောင်စီတပ်များနှင့် KNDF-B09 တို့အကြား တစ်နေကုန်နီးပါး ထိတွေ့ တိုက်ပွဲများ ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
ဩဂုတ်လ ၅ ရက်တွင်လည်း
ဒီးမော့ဆိုမြို့နယ်၊ စံပြ (၆) မိုင်နှင့် ဘက်တလိန်ကျေးရွာတို့တွင် စစ်ကြောင်း ၂ ကြောင်း
ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များကို KNDF-B09 နှင့် DMO PDF တို့မှ ခုခံတိုက်ခိုက်ခဲ့ရာ
စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
.
ထို့အပြင် သြဂုတ်လ
၆ ရက်နေ့နှင့် ၇ ရက်တို့တွင်လည်း စံပြ (၆) မိုင် နှင့် ဘက်တလိန်ကျေးရွာတို့တွင်
စစ်ကြောင်းထိုး လှုပ်ရှားနေသော စစ်ကောင်စီတပ်များအား ကရင်နီတပ်မတော် (KA)၊ KNDF-B09 နှင့် DMO PDF တို့မှ
အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဖက်မှ ထိခိုက်သေဆုံးမှု များပြားခဲ့ပြီး
သေဆုံးသွားသော ၎င်းတို့၏ တပ်ဖွဲ့ဝင်များကို စစ်ကောင်စီတပ်က ဘက်တလိန်ကျေးရွာရှိ
နေအိမ်တစ်လုံးအတွင်း မီးထည့်ရှို့ခဲ့ကြောင်း သိရသည်။
.
ဖယ်ခုံမြို့နယ်၊ ခေါင်းအိကျေးရွာအုပ်စု၊
ပင်ပုံနှင့် လွယ်ဝှဲကျေးရွာအနီးရှိ တောင်ပေါ်တွင် စခန်းချနေသော စစ်ကောင်စီ တပ်များကို
KNDF-B03၊ B-11၊ SSRY နှင့် ကရင်နီတပ်မတော် (KA) တို့က ဩဂုတ်လ ၁ ရက်တွင် ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ၂ ဦး သေဆုံးခဲ့ကြောင်း
သိရသည်။
.
ထို့ပြင်
ဘောလခဲမြို့နယ် မက်စလောင်းတောင်ပေါ်ရှိ စစ်ကောင်စီ၏ တပ်စခန်းအား ကရင်နီတပ်မတော် (KA)
နှင့် KNDF B16 တို့က သြဂုတ်လ ၂ ရက်တွင် ပြောက်ကျားတိုက်ခိုက်ခဲ့ရာ
စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
.
ထို့အတူ သြဂုတ်လ ၂
ရက် နံနက်အစောပိုင်းတွင် လွိုင်ကာ်မြို့အခြေစိုက် ခမရ (၂၆၁) တပ်စခန်း၏
ကင်းပုန်းစခန်း နှင့် လွိုင်ကော်မြို့နယ် (၃)မိုင် လွယ်တမူကျေးရွာအတွင်း
ဝင်ရောက်လာသော စစ်ကောင်စီတပ်သား ၄ ဦးအား KNDF-B12 မှ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖက်မှ ထိခိုက်မှုများရှိခဲ့ကြောင်း
KNDF သတင်းနှင့် ပြန်ကြားရေးဌာနက
ထုတ်ပြန်ထားသည်။
.
စစ်ကောင်စီတပ်များသည်
ဇူလိုင်လကုန်ပိုင်းမှစ၍
ဒီးမော့ဆိုမြို့နယ် စံပြ (၆) မိုင်ဖက်သို့ အင်အား အလုံးအရင်းဖြင့်
စစ်ကြောင်းနှစ်ကြောင်းအသုံးပြုကာ ထိုးစစ်ဆင်လျက်ရှိပြီး ဒီးမော့ဆို၊
ဖရူဆိုမြို့အနီးရှိကျေးရွာများသို့ လက်နက်ကြီး များဖြင့် တိုက်ခိုက်လျက်ရှိကြောင်း
သိရသည်။
.