တောင်ကြီးမြို့ အပါအဝင် ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့ အသီးသီး၌ ရက်ပိုင်းအတွင်း ဓါတ်ဆီ တစ်လီတာလျှင် ၂၀၀ ကျပ်ကျော်ထိ မြင့်တက်လာကြောင်း သိရသည်။
.
" ဒီ ၂ ရက်အတွင်းမှာကို ဓါတ်ဆီက တစ်လီတာကို ၂၅၀ လောက်ထိ တက်သွားတယ်။ ဆက် တက်ဦးမယ် ထင်တယ်။ ဆီကား အဝင် မရှိတော့လို့ လို့ ပြောတယ်။ " ဟု ဒေသခံ တစ်ဦးက ပြောသည်။
.
စက်သုံးဆီ အရောင်းဆိုင် အချို့ ပိတ်သိမ်းထားကြသည့် အပြင် အကန့်အသတ်ဖြင့်ပါ ရောင်းချပေးနေခြင်းကြောင့် မြို့ပေါ် စက်သုံးဆီ အရောင်းဆိုင်များတွင် ဝယ်ယူသူများက တန်းစီ စောင့်ဆိုင်းနေရကြောင်းလည်း သိရသည်။
.
ပြီးခဲ့သည့် ဩဂုတ်လ ၆ ရက်က တစ်လီတာ ဈေးနှုန်းအနေဖြင့် ဓါတ်ဆီ (92) ၁၆၉၅ ကျပ်၊ ဓါတ်ဆီ (95) ၁၇၅၀ ကျပ်၊ ဒီဇယ် (ရိုးရိုး) ၂၀၅၀ ကျပ်၊ ဒီဇယ် (Premium) ၂၁၀၅ ကျပ် ရှိရာမှ ယနေ့တွင် ဓါတ်ဆီ (92) ၁၉၄၀ ကျပ်၊ ဓါတ်ဆီ (95) ၂၀၀၀ ကျပ်၊ ဒီဇယ် (ရိုးရိုး) ၂၂၀၅ ကျပ်၊ ဒီဇယ် (Premium) ၂၂၇၀ ကျပ်ထိ မြင့်တက်လာခြင်း ဖြစ်သည်ဟု သိရသည်။
.
" အဲဒီဈေးက လက်ရှိ ဆိုင်တွေမှာ ပြထားတဲ့ဈေးပေါ့။ နေရာရယ်၊ ဆိုင်ရယ်၊ ဝယ်လိုအားရယ် အပေါ်မှာ မူတည်ပြီး ဈေးနှုန်း ကွာနိုင်ပါတယ်။" ဟု စက်သုံးဆီ အရောင်းဝန်ထမ်း တစ်ဦးက ပြောသည်။
.
ပြည်ပမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလျံခန့် တန်ဖိုးရှိ ရေနံနှင့် ရေနံထွက် ပစ္စည်းများ တင်သွင်းနေရမှုကို လျှော့ချရန် ယမန်နေ့ ဩဂုတ်လ ၈ ရက်က ပြုလုပ်သည့် စစ်ကောင်စီ၏ ညှိနှိုင်း အစည်းအဝေးတွင် အာဏာသိမ်း ခေါင်းဆောင်က ထည့်သွင်း ပြောဆိုထားသည်။