ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်၊ တပ်ရင်း(၂)၊ တပ်ခွဲ (၃) သတင်းနှင့် ပြန်ကြားရေးတာဝန် ထမ်းဆောင်နေသော ကိုပီတာ နှင့် ဆက်သွယ် မေးမြန်းခြင်း [အင်တာဗျူး] - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်၊ တပ်ရင်း(၂)၊ တပ်ခွဲ (၃) သတင်းနှင့် ပြန်ကြားရေးတာဝန် ထမ်းဆောင်နေသော ကိုပီတာ နှင့် ဆက်သွယ် မေးမြန်းခြင်း [အင်တာဗျူး]

“ မိဘ အမွေပေးထားတဲ့ လယ်ကို ရောင်းပြီး စနိုက်ဘာ ဝယ်ဖို့ ဆုံးဖြတ်ရတာဟာ မလွယ်ပေမယ့် ရွေးစရာ မရှိဘူးလေ၊ ကိုယ့် ရှိတာ ရောင်းမှ ကိုယ်ပိုင် သေနတ် ကိုင်ရမယ်လေ။”

.

ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်၊ တပ်ရင်း(၂)၊ တပ်ခွဲ (၃)မှ တပ်ဖွဲ့ဝင် ၂ ဦးသည် ၎င်းတို့ ပိုင်ဆိုင်သည့် လယ်ယာမြေများကို ရောင်းချ၍ တပ်ဖွဲ့အတွက် လိုအပ်သည့် စနိုက်ဘာလက်နက်များ ဝယ်ယူခဲ့သည်ဟု သိရသည်။ ယင်းကဲ့သို့ မိမိပိုင် လယ်ယာမြေအား ရောင်းချ၍ လက်နက် ဝယ်ယူခဲ့သူ တပ်ခွဲ (၃) သတင်းနှင့် ပြန်ကြားရေးတာဝန် ထမ်းဆောင်နေသော ကိုပီတာကို ဝယ်ယူရတဲ့ ရည်ရွယ်ချက်၊ အဖွဲ့အခြေအနေ လုပ်ဆောင်ချက်နှင့် ခံယူချက်၊ ပြောဆိုလိုသည့် အကြောင်းအချက်အလက်တွေကို ဆက်သွယ် မေးမြန်းခဲ့ခြင်း ဖြစ်သည်။

.



[မေး] - တပ်ဖွဲ့ဝင်‌တွေက ကိုယ်ပိုင်လယ်တွေ ရောင်းပြီး တပ်ဖွဲ့ရဲ့ လိုအပ်ချက် ဖြစ်တဲ့ စနိုက်ဘာကို ဝယ်တယ်ဆိုတဲ့ အကြောင်းကို အကျဉ်းချုပ်လေး ရှင်းပြပေးပါ။

.

[ဖြေ]  - ဟုတ်ကဲ့။ မိဘ အမွေပေးထားတဲ့ လယ်ကို ရောင်းပြီး Sniper ဝယ်ဖို့ ဆုံးဖြတ်ရတာဟာ မလွယ်ပေမယ့် ရွေးစရာ မရှိဘူးလေ၊ ကိုယ့် ရှိတာ ရောင်းမှ ကိုယ်ပိုင် သေနတ် ကိုင်ရမယ်လေ။ တခြားရဲဘော် မဟုတ်ပါဘူး ကျွန်‌တော် ကိုယ်တိုင်ပါ။ ကျွန်တော်နဲ့ ကျွန်တော့် တပ်ဖွဲ့ဝင် တစ်ဦးက လယ် တစ်ဧကစီ ရောင်းပြီးတော့မှ ငွေပမာဏလေး ပြည့်မီအောင် တခြား အလှူရှင်တွေကို အကူအညီ တောင်းပြီး ဝယ်ခဲ့ပါတယ်။

 

ဘာလို့ ဒီလို လုပ်ရလဲဆိုရင် ကျွန်တော်တို့ တပ်ခွဲ(၃)က အများအားဖြင့် တပ်ခွဲမှူးတွေ၊ အဖွဲ့ဝင်တွေ အားလုံးရဲ့ ပိုင်ဆိုင်မှုတွေကို ရောင်းပြီးမှပဲ (လက်နက်/ခဲယမ်းဝယ်) အဖွဲ့ကို တည်ထောင်ထားဖြစ်တဲ့ အကြောင်းမို့ ကျွန်တော်တို့ရဲ့ အဓိက လက်နက်အင်အား ခဲယမ်းတွေက ကျွန်တော်တို့ ကိုယ်ပိုင် စိုက်ထုတ်ထားတဲ့ဟာက ၇၀ ရာခိုင်နှုန်းလောက် ရှိတယ်။ ကျန်တဲ့ ၃၀ ရာခိုင်နှုန်းက အများပြည်သူရဲ့ ထည့်ဝင် လှူဒါန်းငွေနဲ့ တည်ဆောက်ထားတာပါ။

.

[မေး] - လက်ရှိ အသက်ကိုပါ စွန့်လွှတ်ပြီး တိုက်ပွဲဝင်‌နေသူက အခု ရှိရင်းဥစ္စာကိုပါ ရောင်းချပြီး လိုအပ်ချက်ကို ဖြည့်တင်းတဲ့ အဓိက ရည်ရွယ်ချက်က ဘာဖြစ်မလဲခင်ဗျာ။

.

[ဖြေ] - ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ ဒီတော်လှန်ရေးမှာ အမှန်တရားဘက်ကနေ ရပ်တည်ပြီးတော့မှ၊ အမှန်တရားဘက်က ပိုပြီးတော့ အားကောင်းသွားအောင်၊ ပိုပြီးဝောာ့ အသက် ဝင်သွားအောင်၊ ပိုပြီးတော့ အင်အား တောင့်တင်းသွားအောင် ကျွန်တော်တို့ ပူးပေါင်း ပါဝင်ပြီးတော့မှ အာဏာရှင် စနစ်ကို ကျွန်တော်တို့ ဆက်လက်ပြီးတော့ တွန်းလှန်နိုင်မယ်လို့ ယုံကြည်တယ်။ ပြီးတော့ အာဏာရှင်ကို မနိုင်မချင်း ကျွန်တော်တို့ တွန်းလှန်မယ်။ အပြီးထိ တွန်းလှန်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီဟာကို ထုခွဲ ရောင်းချတာပါ။

 

ကျွန်တော်တို့ ဒီလို စွန့်လွှတ်စွန့်စားတဲ့ စိတ် ရှိမှပဲ၊ ပူးပေါင်း ပါဝင်မှပဲ တပ်ခွဲအလိုက် ကျွန်တော်တို့ ပိုပြီး အင်အား တောင့်တင်းသွားမယ်။ တပ်ရင်းလည်း ပို အင်အား တောင့်တင်းသွားမယ်။ တစ်ယောက် နည်းနည်းဆီနဲ့ ကျွန်တော်တို့ စုဖွဲ့လိုက်လို့ ရှိရင် ကျွန်တော်တို့ တော်လှန်ရေးက ပိုပြီးတော့ အားကောင်းလာမယ်။ နောက်ဆုံးအနေနဲ့ ဒီ တော်လှန်ရေးကြီးကို ကျွန်တော်တို့ မြန်မြန် ပြီးချင်လို့ပါ။

.



[မေး] - ပြည်သူတွေကရော လှူဒါန်းတာတွေ ရှိလား။ လှူဒါန်းလိုသူတွေကရော ဘယ်လိုမျိုး ချိတ်ဆက်ပြီး လှူနိုင်လဲ၊ အလှူရှင်တွေအတွက် လုံခြုံရေး အာမခံချက် ဘယ်လိုမျိုး ပေးနိုင်လဲ။

.

[ဖြေ] - ပြည်သူတွေ လှူဒါန်းတာ ရှိပါတယ်။ ကျွန်တော်တို့ဆီကို ပြည်သူတွေ လှူဒါန်းဝာာနဲ့ ဝယ်ထားတဲ့ လက်နက်ကတော့ အရမ်း နည်းတယ်ဗျ။ ကိုယ်ပိုင် စိုက်ထုတ်ထားတဲ့ လက်နက်တွေ အရမ်းများတယ်။ တပ်ရင်း၊ တပ်ဖွဲ့၊ တစ်ဦး တစ်ယောက်ချင်းစီရဲ့ စိုက်ထုတ်ထားတဲ့ ငွေတွေနဲ့ ရပ်တည်တာ များတယ်၊ အလှူရှင်တွေ (လှူ) ပေးလာတဲ့ဟာကြတော့ အဓိက ကျည် ဝယ်တဲ့ နေရာမှာ သုံးတယ်။ လက်နက်ခဲယမ်းတွေကြတော့ ပြည်သူတွေ ထောက်ပံ့ကူညီမှု ရှိပေမယ့်လည်း အရမ်း အားနည်းနေတယ်ပေါ့။

 

ကျွန်တော်တို့ကို ချိတ်ဆက် ကူညီချင်တယ်ဆိုရင်တော့ Pekhon People Defence Force - 2 ရဲ့ Page messenger ကနေ လာရောက် ဆက်သွယ်ကူညီနိုင်ပါတယ်။ ပြည်သူတွေရဲ့ လုံခြုံရေးကို အဓိက ဦးစားပေးပါတယ်။ ကိုယ် ရှိနေတဲ့ အရပ်၊ ကိုယ်ရှိနေတဲ့ ဒေသက အဆင်ပြေတယ် ဆိုမှပဲ၊ သေချာတယ် ဆိုမှပဲ ကျွန်တော်တို့ကို လှူစေချင်တယ်။ ပြည်သူတွေရဲ့ လုံခြုံရေးက အရမ်းအရေးကြီးပါတယ်။

 

အလှူရှင် တစ်ယောက်ယောက်က တခြားဒေသ တစ်ခုခုမှာ ဖမ်းဆီးခံရမယ် ဆိုရင် ဘာမှ မကူညီနေနိုင်တဲ့ အနေအထားမှာ ရှိနေတယ်။ ဘာလို့လဲဆိုရင် ကျွန်တော်တို့က ကန့်သတ်နယ်မြေ တစ်ခုမှာပဲ ကျွန်တော်တို့ ထိန်းချုပ်လှုပ်ရှားတဲ့ နယ်မြေအတွင်းမှာပဲ နေရတဲ့အတွက် ဖြစ်ပါတယ်။

 

ကိုယ်က တပ်ထဲမှာ နေပြီးတော့မှ ဖရဲသီး လုပ်ချင်တယ်၊ သတင်းတွေ ပေးချင်တယ်ဆိုရင်တော့ အန္တရာယ် များတာပေါ့နော်။ ကျွန်တော်တို့ဘက်ကို ဘက် ပြောင်းချင်တယ်ဆိုရင်တော့ ပထမဆုံး အကြံပေးချင်တာကတော့ မိမိလုံခြုံရေးကို ဦးစားပေးပါလို့။

.

[မေး] - Pekhon PDF တပ်ရင်း(၂) ရဲ့ လတ်တလော အာဏာရှင် ဆန့်ကျင်ရေး လုပ်ငန်း‌ အကြောင်း ပြောဆို၍ ရသမျှကိုလည်း ပြောဆိုပေးပါဦးဗျ။

.

[ဖြေ] - Mytel တာဝါတိုင်က ရတဲ့ ပစ္စည်းတွေနဲ့ ကျွန်ဝောာ်တို့ လက်နက်ကြီးတွေ ထုတ်နေတယ်။ လိုအပ်ချက်တွေ အရမ်းကို ရှိနေတယ်။ ကုန်ကျစရိတ်တွေ အများကြီး ရှိတာပေါ့။ အဲဒီအတွက် ကျွန်တော်တို့ကို ကူညီပါဦးလို့။ အခု လှုပ်ရှားနေတာကတော့ လက်နက်ကြီး ထုတ်လုပ်မှု အပိုင်းမှာ အချိန်မရွေး စစ်ကောင်စီတပ်တွေနဲ့ ထိတွေ့နိုင်တဲ့ အနေအထားမှာ အမြဲတမ်း လုံခြုံရေးကို အသင့် ပြင်ထားတယ်။ ပြီးတော့ KNDF (ကရင်နီအမျိုးသားကာကွယ်ရေးတပ်) တို့၊ တခြားမဟာမိတ် အဖွဲ့တွေနဲ့လည်း ကျွန်တော်တို့ ပူးပေါင်းပြီးတော့ စစ်ရေးအသင့်မှာ ပြင်ဆင်နေပါတယ်။

.



[မေး] - သီးခြား ပြောဆိုလိုတာများ ရှိရင် ဖြည့်စွက် ပြောဆိုပေးဖို့ပါဗျ။

.

[ဖြေ] - အခုလို အချိန်မှာ ကျွန်တော်တို့ တိုင်းပြည်ရဲ့ အခက်အခဲ အကြပ်အတည်း ကာလမှာ မိဘ ညီအစ်ကို မောင်နှစ်မတွေရဲ့ ကျန်းမာရေးကိုပဲ ဂရုစိုက်ပါလို့ မှာချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ကျန်းမာနေမှပဲ ကျွန်တော်တို့ တခြားကိစ္စတွေ၊ အလုပ်ကိစ္စလား၊ တခြားဘယ်ကဏ္ဍမှာ မဆို ကျန်းမာနေမှပဲ ကျွန်တော်တို့ ရှေ့ဆက်လို့ရမယ်။ ဒါကြောင့် ကျန်းမာရေးကို အထူးဂရုစိုက်ပါလို့ မှာချင်ပါတယ်။

 

ဒီတော်လှန်ရေးမှာ ပြည်သူတွေအနေနဲ့ စိတ်ဓါတ် မကျဖို့ကိုလည်း ကျွန်တော် ပြောချင်တယ်။ ခု တော်လှန်ရေးလုပ်ခဲ့တဲ့ တစ်နှစ်ကျော် ကာလ အတွင်းမှာ စစ်ကောင်စီတပ်တွေရဲ့ အခြေအနေက တစ်ဖြည်းဖြည်း အင်အား လျော့နည်းလာတယ်။ ဆုတ်လျော့လာတဲ့ အပိုင်းမှာပဲ ရှိတယ်။ ကျွန်တော်တို့ရဲ့ တော်‌လှန်ရေး အင်အားစု အသီးသီး ဒေသခံ အဖွဲ့အစည်းအသီးသီး ကျွန်တော်တို့ အဘက်ဘက်ကနေ တွန်းလှန်နေတဲ့ အနေအထားမှာ ကျွန်တော်တို့ရဲ့ အင်အားက တစ်ဖြည်းဖြည်းနဲ့ များလာတယ်။ လူအင်အားပဲ ဖြစ်ဖြစ်၊ လက်နက်အင်အားပဲ ဖြစ်ဖြစ် တစ်နိုင်ငံလုံး အတိုင်းအတာကတော့ ရန်သူ့ အင်အားက တစ်ဖြည်းဖြည်း လျော့နည်းလာတယ်။ အဲဒီအတွက်ကြောင့်မို့ ကျွန်တော်တို့ ပြည်သူတွေ ဆက်လက်ပြီး အားတင်းထားဖို့ တိုက်တွန်းပါတယ်။ ဟုတ်ကဲ့။

.

ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း(၂) PEKHON PDF - 2 ကို ပြီးခဲ့သည့် ဧပြီလ ၁၇ ရက်တွင် တိုက်ခိုက် စွမ်းရည်နှင့် အတွေ့အကြုံ ရင့်ကျက်သောရဲဘော်များဖြင့် တိုးချဲ့ ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး PEKHON PDF သည် များပြားလှသော တော်လှန်ရေးတပ်ဖွဲ့ဝင် ရဲဘော်များကို ထိထိရောက်ရောက် စီမံအုပ်ချုပ် တိုက်ပွဲဝင်သွားရန်နှင့် ရဲဘော်များ၏ စိတ်ဓါတ် ခွန်အားကို မြင့်တင်သွားရန် ရည်ရွယ်၍ တပ်ရင်း(၂) ကို တိုးချဲ့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

အဆိုပါ ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း(၂)သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ကြီးကြပ်လမ်းညွှန်မှု အောက်တွင် ရှိသော တပ်ရင်း ဖြစ်ကြောင်းလည်း သိရသည်။




Journal Download

Photo of three cats