ရပ်စောက်မြို့နယ်အတွင်း ခွင့်ပြုချက်မဲ့ အဆောက်အဦ တည်ဆောက်နေမှုကို ဒေသခံများက ကန့်ကွက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရပ်စောက်မြို့နယ်အတွင်း ခွင့်ပြုချက်မဲ့ အဆောက်အဦ တည်ဆောက်နေမှုကို ဒေသခံများက ကန့်ကွက်

ရပ်စောက်မြို့နယ်၊ ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စု၊ ရတနာပုံအနောက်ရွာတွင် ခွင့်ပြုချက်မဲ့ အဆောက်အဦ တည်ဆောက်နေမှုကို ဒေသခံများ အပါအဝင် သံဃနာယကအဖွဲ့ အဆင့်ဆင့်နှင့် ဂေါစရဂါမ်ကျောင်းများ၊ အုပ်စုအုပ်ချုပ်ရေး အဖွဲ့များက လက်မခံဘဲ ကန့်ကွက်ထားကြောင်း သိရသည်။

.


“ အဝါရောင် မိဘမဲ့ကလေးများ စောင့်ရှောက်ရေးကျောင်း ဆိုပြီးတော့ ဆောက်နေတာ။ လက်ရှိ ရွာက ဆရာတော်ရော၊ ရွာတာဝန်ခံရော၊ ရွာသားတွေရောက လက်မခံဘူး။ မိဘမဲ့ကျောင်း ဆိုတဲ့ ရည်ရွယ်ချက်က ကောင်းတယ်၊ ဒါပေမဲ့ ဒီဒေသမှာ မိဘမဲ့လည်း မရှိဘူး၊ ပြီးတော့ ရွာမှာလည်း ဘုန်းကြီးကျောင်း ရှိပြီးသား၊ ခုဆောက်တဲ့ နေရာက ဘုန်းကြီးကျောင်းနဲ့ နီးတော့ ရွာသူရွာသားတွေ စိတ်ဝမ်းကွဲတာမျိုးတွေ ဖြစ်လာနိုင်တယ်။ တရားဝင် ခွင့်ပြုချက်လည်း မရှိဘဲ ဆောက်နေတာမို့ တစ်ခုခု ဖြစ်လာမှာကို မလိုလားတာပါ။” ဟု ဒေသခံ တစ်ဦးက ပြောသည်။

.

ရတနာပုံရွာတွင် ဘုန်းတော်ကြီးကျောင်း၊ အစိုးရအထက်တန်းကျောင်း၊ ကျေးရွာ လူမှုရေးအဖွဲ့များ ရှိပြီးဖြစ်ကာ ယင်း ကျူးကျော် အဆောက်အဦကို သက်ဆိုင်ရာမှ အလျင်အမြန် ဖျက်သိမ်း‌၍ အရေးယူစေလိုသည့် ဆန္ဒများ အုပ်စုသံဃာတော်များနှင့် ကျေးရွာလူထုတွင် ရှိနေကြောင်း ၎င်းက ဆိုသည်။

.

အဆိုပါ အဆောက်အဦ တည်ဆောက်နေမှုကို ရတနာပုံ အနောက်ရွာကျောင်း ဆရာတော် ဦးစန္ဒိမာ၊ ကျေးရွာတာဝန်ခံ ဦးဝင်းမြင့် အပါအဝင် ဒေသခံ ၃၆ ဦးတို့က လက်မှတ်ရေးထိုး၍ ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စု သံဃနာယကအဖွဲ့ထံသို့ ကန့်ကွက်ကြောင်း လျှောက်ထားပြီးနောက် အုပ်စု၊ မြို့နယ်နှင့် ပြည်နယ်သံဃနာယကအဖွဲ့ အဆင့်ဆင့်တို့က သံဃာ့ အစည်းအဝေးများ ပြုလုပ်၍ အဆောက်အဦ တည်ဆောက်မှုအား ရပ်ဆိုင်း၍ သင့်လျော်သည့် နေရာသို့ ပြောင်းရွေ့ရန် ဆုံးဖြတ်ထားသည်ဟု သိရသည်။

.

ထို့အတူ ရှမ်းပြည်နယ်သံဃနာယကအဖွဲ့ ဥက္ကဌ ဆရာတော် ဘဒ္ဒန္တ တေဇဝန္တကလည်း “ အဝါရောင်မျိုးဆက်သစ် မိဘမဲ့ဂေဟာကျောင်း ဆရာတော် ဘဒ္ဒန္တ စက္ကိန္ဒ အနေဖြင့် ရပ်ကျေး/မြို့နယ် သံဃနာယကအဖွဲ့ ဆရာတော်များ၏ ဩဝါဒ/ညွှန်ကြားချက်များကို သိရှိလိုက်နာ ဆောင်ရွက်သွားရန်နှင့် သံဃာ့အဖွဲ့အစည်း လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းများနှင့် အညီ သိရှိလိုက်နာ ဆောင်ရွက်သွားရန်” ဟု ဩဝါဒကထာ မြွက်ကြားထားသည်ဟု သိရသည်။

.

ယင်းကဲ့သို့ ရတနာပုံကျေးရွာအနီး ယာမြေပေါ်တွင် ကျူးကျော် အဆောက်အဦ ဆောက်လုပ်ခြင်း ဝင်ရောက်နေထိုင်ခြင်းတို့ကို ဆက်လက်ပြီး ဆောက်လုပ်ခြင်း နေထိုင်ခြင်း မပြုရန် သံဃ အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာတို့က အကြိမ်ကြိမ် တားမြစ်ထားသော်လည်း လိုက်နာခြင်း မရှိဘဲ ဆက်လက် ဆောင်ရွက်နေလျက် ရှိကြောင်း သိရသည်။

Journal Download

Photo of three cats