လုယက်မှုတွေ လက်ယဉ်လာတဲ့ မြို့တောင်ကြီး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လုယက်မှုတွေ လက်ယဉ်လာတဲ့ မြို့တောင်ကြီး

ငါးရက်တစ်ဈေး ဈေးနေ့ ရောက်တိုင်း ဒေါ်မြင့် တစ်ယောက် ဈေးသုံးနေကြ။ တောင်ကြီးမြို့မှာက ဈေးနေ့မှာ ဈေးဝယ်မှ သက်သာ၊ မှန်ကန်တဲ့နှုန်းနဲ့  ရတတ်တယ်။ အသား၊ ငါး၊ အသီးအရွက်တွေလတ်လတ်ဆတ်ဆတ် ရနိုင်တယ်။ အမျိုးအစားလည်း ဈေးနေ့မှသာ အစုံအလင် ရတတ်တာမျိုး။ မြို့ပေါ်နေထိုင်သူ အများစုက အိမ်မီးဖိုချောင်အတွက် ဈေးနေ့ကိုပဲ အားထားကြတယ်။ တောင်ကြီးမြို့မှာ မွေးဖွား ကြီးပြင်းတဲ့ ဒေါ်မြင့်တစ်ယောက်လည်း ဈေးနေ့ရောက်မှ ဈေးသုံးတဲ့ အငြိမ်းစား တစ်ယောက်။ အခုတော့ သူ ငါးရက်တစ်ဈေး သွားရမှာကြောက်ရွံ့ ထိတ်လန့်နေတယ်။ ဈေးနေ့ မနက်ခင်းတစ်ခုမှာ သူကြုံခဲ့ရတဲ့ အဖြစ်အပျက်က ဈေးသွားမယ့်သူ့ ခြေထောက်တွေကို တားထားတယ်။

.



ကျန်ခဲ့တဲ့ ဈေးနေ့ မနက်ခင်းတစ်ခုက ဒေါ်မြင့်တစ်ယောက် ထုံးစံအတိုင်း ဈေးသွားဖို့ ပြင်တယ်။ လင်းစပြုတာနဲ့ အိမ်ကနေ စ ထွက်ပါတယ်။ မနက် အစောလိုင်းကား ရှားတဲ့အတွက် ဈေးကို လမ်းလျှောက်သွားတာ အမြဲလိုပါ။ လက်ဆွဲခြင်းတောင်းနဲ့ ပိုက်ဆံအိတ်အနွမ်းကို ပိုက်ပြီး အိမ်ကထွက်တော့ မနက် ငါးနာရီခွဲ။ လမ်းပေါ်မှာ အသွားအလာ ခပ်ကျဲကျဲ။ သွားနေကျ လမ်းဖြစ်တဲ့အတွက် စိုးရိမ်စိတ်တော့ မဖြစ်မိဘူး။ သိပ်မကြာခင်မှာပဲ ဈေးကို သွားနေတဲ့ ဒေါ်မြင့် ရဲ့ ခြေလှမ်းတွေ ရပ်တန့်သွားခဲ့ရတယ်။ ခပ်မှန်မှန်လျှောက်နေတဲ့ သူ့ရှေ့ကို ဆိုင်ကယ်တစ်စီး ထိုးရပ်လာတယ်။ လူ နှစ်ယောက် ပါတဲ့ ဆိုင်ကယ်ပေါ်က တစ်ယောက် ဆင်းလာတယ်။

ဒေါ်မြင့် ကြုံလိုက်ရတာက လုယက်ခံရမှု။

.

ဆိုင်ကယ်ပေါ်က ဆင်းလာတဲ့ လူရွယ် တစ်ယောက်က ဒေါ်မြင့် လည်ပင်းကို ကျောက်လှည့် အချွန်နဲ့ထောက်ထားတယ်။ လက်ထဲမှာ ခပ်ကျစ်ကျစ် ဆုပ်ထားတဲ့ ပိုက်ဆံအိတ် အနွမ်းလေးရယ်၊ တစ်ပတ်ရစ်လက်ကိုင်တယ်လီဖုန်း တစ်လုံး၊ မင်္ဂလာဦးပစ္စည်းလေးဖြစ်တဲ့ တစ်မတ်သား လက်စွပ် တစ်ကွင်းပေး လိုက်ရတယ်။ မိနစ်ပိုင်းအတွင်း ဖြစ်သွားတဲ့ ဖြစ်ရပ်။ မီးဖိုချောင်အတွက် လိုအပ်တဲ့ ပစ္စည်းတွေမ၀ယ်နိုင်တော့ဘူး။ ဈေးဆက်သွားဖို့ ခြေလှမ်းတွေ မတတ်နိုင်တော့ဘူး။ အငြိမ်းစားတစ်ယောက် အတွက် ပါသွားတဲ့ အတိုင်းအတာက အတော် ကြီးလွန်းတယ်လို့ ဆိုရမယ်။ ဈေးနေ့တိုင်း ဈေးသုံးဖို့အတော်ကြီး ထိတ်လန့် ကြောက်ရွံ့သွားခဲ့ရတယ်။

.

" ဆိုင်ကယ်က ရှေ့မှာ ထိုးရပ်လာတာပေါ့။ နောက်ကတစ်ယောက် ဆင်းလာပြီး လည်ပင်းကို ကျောက်လှည့်အချွန်နဲ့ ထောက်ထားပြီး ပါလာတဲ့ ပစ္စည်းတွေလုတာ။ အဲဒီအချိန် လမ်းပေါ်မှာလည်းတစ်ယောက်တည်း ဆိုတော့ အကူအညီ တောင်းစရာလည်း မရှိဘူးလေ။ ကြောက်တာနဲ့ ပါတဲ့ ပစ္စည်းတွေအကုန် ပေးလိုက်ရတယ်။ ဈေးသုံးဖို့ ပါလာတဲ့ ပိုက်ဆံ သုံးသောင်းရယ်၊ တစ်ပတ်ရစ် ဖုန်းရယ်၊ အဒေါ်တို့ မင်္ဂလာဦးတုန်းက ပေးထားတဲ့ တစ်မတ် သား လက်စွပ်လေးတစ်ကွင်း ပါသွားတာပေါ့။ အခုဆို ဈေး သွားရမှာတောင် ကြောက်သွားပြီ။ ပါသွားတာတွေက ကိုယ့်အတွက် အတော် များတာပေါ့" လို့ လုယက်ခံရသူ ဒေါ်မြင့်က မျက်ရည် မကျအောင် ထိန်းရင်း ပြောပြတယ်။

.

စစ်တပ်က နိုင်ငံတော် အာဏာကို သိမ်းယူပြီးနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝှမ်းလုံးအပြင် မြို့တော်တောင်ကြီးမှာပါ ခိုးမှု၊ လုယက်မှုတွေ နေ့စဉ်လို ဖြစ်ပွားနေတယ်။ ဘယ်နေရာ သွားသွား လူတစ်ဦး တစ်ယောက်အတွက် လုံခြုံမှုဆိုတာ ရှိ မနေတော့ပါဘူး။

ပစ္စည်း လုယက်မှုတွေ မြို့ပေါ်နေရာစုံမှာ ဖြစ်ပွားလာတယ်။ ဆိုင်ကယ် ခိုးယူခံရမှုတွေ နေ့စဉ်လို ကြားသိနေရတယ်။ လတ်တလော ဖြစ်ပွားတဲ့ အမှုအခင်းတွေ ကြည့်ရင်လည်း တရားခံပျောက်တာ များပါတယ်။ နာမည်ကောင်း မျိုးစုံနဲ့ ထင်ရှားကျော်ကြားခဲ့တဲ့ မြို့အတွက်တော့ အတော်ကြီးဂုဏ်သိက္ခာ ကျဆင်းနေတယ်လို့ ဆိုရမယ့် အတိုင်းပါ။ ကူကယ်သူ မဲ့နေတဲ့ အနေအထား။

.

တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်း၊ ဧရာဝတီလမ်းဆုံက ဆိုင်ကယ်တက္ကစီသမား တစ်ယောက် ကြုံရတဲ့ အဖြစ်ကလည်း မြို့တောင်ကြီးအတွက်တော့ မကြားဝံ့စရာ အဖြစ်အပျက် တစ်ခု။ " လူတစ်ယောက် လာပြီး ဆိုင်ကယ်တက္ကစီ ငှားတယ်။ မြို့ပေါ်နေရာစုံ ပို့ခိုင်းတာ အချိန် တော်တော်ကြာတယ်လို့ ဆိုတယ်။ နောက်ဆုံးဂိတ်ပိတ် ပို့ခိုင်းတဲ့ နေရာကတိုင်းရင်းသားပေါင်းစုံ သုသာန်သွား လမ်းမဘေး တစ်နေရာ။ လူပြတ်တဲ့ နေရာ ရောက်တဲ့အချိန်မှာ ဆိုင်ကယ်တက္ကစီသမားကို ထိုးကြိတ်ပြီး ဆိုင်ကယ်နဲ့ပိုက်ဆံကို လုတယ်။ အတော်ကြီးလုံးထွေး သတ်ပုတ်နိုင်လို့ ဆိုင်ကယ်နဲ့ ပိုက်ဆံ ပါမသွားတာ။ ဆေးဖိုး‌တော့ အတော်ကုန်သွားတယ်" လို့ သူ့ရဲ့ အတွေ့အကြုံကို ရလိုက်တဲ့ ဒဏ်ရာတွေပြရင်းနဲ့ မျှဝေပါတယ်။

.

နောက် တစ်ဦး ကြုံရတာက ခြေနှစ်ချောင်း မကယ်ကောင်းဘူး ဆိုတာမျိုး၊ အလုပ်အကိုင် မရှိလို့အဆင်ပြေသွားအောင် အလုပ် ခန့်ပေးလိုက်တယ်။  ရက်ပိုင်းအတွင်း အလုပ်ထဲက ပိုက်ဆံတွေ ယူပြီးထွက်ပြေးသွားပါတယ်။ ပိုက်ဆံပြန်ပေးဖို့ ဆက်သွယ်တော့ အသုံးလိုလို့ တစ်ဝက်လောက် သုံးလိုက်ပြီလို့ ဆိုပါတယ်။ လက်ကျန်ငွေ လာပြန်ပေးမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြန်ရောက်လာပြီး အလုပ်ထဲက လက်ကိုင်တယ်လီဖုန်းကို ထပ်ပြီး လုယူ ထွက်ပြေးပြန်ပါတယ်။ ဖြစ်သွားသမျှ အမှုအခင်းအားလုံးကတော့ ခုချိန်ထိ လက်စလက်န အပျောက်တွေ။

.

ခိုးမှု လုယက်မှုတွေအတွက် တောင်ကြီးမြို့တော်ကြီး ဒီအတိုင်း ငုတ်တုတ် ကြည့်နေရတဲ့အဖြစ်။ လုယက်မှုတွေ လက်ယဉ်တဲ့ မြို့တော်ဖြစ်နေလားဆိုတာတော့ ဒီတိုင်းလွှတ်ထားတဲ့ စစ်ကောင်စီကိုသာ မေးရတော့လေမည် . . . ။။

Journal Download

Photo of three cats