ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်၊ တပ်ရင်း(၂) အတွက် ၈၁ မမ တာဝေးပစ် လက်နက်ကြီးနှင့် ဗုံးဆံ အမြောက်အများကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ (နေပြည်တော်)က ထုတ်လုပ်ပေးခဲ့သည်ဟု သိရသည်။
.
ပြည်သူ့ကာကွယ်ရေးအဖွဲ့ (နေပြည်တော်) စစ်ရေးတာဝန်ခံ ဗိုလ်တေဇ၊ ထုတ်လုပ်ရေး တာဝန်ခံ ဗိုလ်ယက္ခနှင့် ရဲဘော်များက ထုတ်လုပ်ပေးခဲ့ခြင်း ဖြစ်ပြီး အခြားသော တော်လှန်ရေးအင်အားစုများ အတွက်ကိုလည်း လက်နက်ကြီး ထုတ်လုပ်ပေးကာ နည်းပညာ မျှဝေပေးနေသည်ဟု ယင်းအဖွဲ့က ယနေ့ ဇူလိုင်လ ၁၆ ရက်တွင် ထုတ်ပြန်သည်။
.
" အစကတော့ သေနတ် မျှော်ကြရတာပေါ့။ အထိုက်အလျောက် သေနတ် ရှိလာတော့လည်း တိုက်ပွဲ တစ်ပွဲကို တိုက်လို့ မရသေးပြန်ဘူး။ ရဲဘော်တိုင်း မောင်းပြန် ကိုင်နိုင်ဖို့လည်း မလွယ်ကူလှပါဘူး။ တီထွင်ကြံဆရင်းနဲ့ ၆၀ မမ၊ ၈၁ မမ တာဝေးပစ်လက်နက်ကြီးတွေကို စမ်းသပ် အောင်မြင်လာခဲ့ပါတယ်။" ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ (နေပြည်တော်) က ဆိုသည်။
.
ယခင် စတင် စမ်းသပ်ခဲ့စဉ်က ငွေကြေး၊ အချိန်၊ ထိခိုက်ဒဏ်ရာ ရမှုများကို ကြုံတွေ့ ဖြတ်ကျော်ခဲ့ရကာ အဖွဲ့အစည်း အချို့တွင် စမ်းသပ်စဉ် အသက်ပါ ပေးဆပ်ရသည့် အခြေအနေမျိုး ရှိခဲ့ကြောင်း သိရသည်။
.
ယခုတွင် စမ်းသပ် အောင်မြင်ခဲ့သော်လည်း အလက်ရေ များများ ထုတ်လုပ်ပြီး ဖြန့်ဝေ၊ တိုက်ပွဲဝင်နိုင်ရန် ကြိုးစားရုန်းကန်နေရဆဲ ဖြစ်ကာ အခက်အခဲများအား ကျော်ဖြတ်ပြီး တီထွင် ကြံဆ ထုတ်လုပ်၍ ပြည်သူ့အောင်ပွဲ အတွက် အစွမ်းကုန် တိုက်ပွဲဝင်သွားမည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ (နေပြည်တော်)၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။