စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်သည် တရားဝင်မှုမရှိသဖြင့် အသိအမှတ်မပြု ဟု NLD ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်သည် တရားဝင်မှုမရှိသဖြင့် အသိအမှတ်မပြု ဟု NLD ထုတ်ပြန်

.

စစ်ကောင်စီမှ ဖွဲ့စည်းထားသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် တရားဝင်မှုမရှိသဖြင့် လုံးဝအသိအမှတ် ပြုမည်မဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က ယနေ့ ဇူလိုင်လ ၉ ရက်တွင် ထုတ်ပြန်ကြေညာ ခဲ့သည်ဟု သိရသည်။

.

.

စစ်ကောင်စီ၏ အဓမ္မအာဏာရယူမှုသည် ၎င်းတို့ကိုယ်တိုင်ပြဌာန်းအတည်ပြုထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်မှုမရှိရုံသာမက နိုင်ငံတော်သမ္မတကသာလျှင် ဖွဲ့စည်းခွင့်ရှိပြီး ပြည်ထောင်စု လွှတ်တော်က အတည်ပြုထား သည့် တရားဝင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ဖျက်သိမ်းပြီး အသစ်ဖွဲ့စည်းမှုသည် တရားဝင်မှုမရှိ၍ ယင်းအဖွဲ့၏ ဆောင်ရွက်သမျှ ဥပဒေ၊ နည်းဥပဒေနှင့် ရွေးကောက်ပွဲအပါအဝင် လုပ်ငန်းစဉ်များသည် မည်သည့်ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်မျှ ညီညွတ်မှုမရှိ၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် လုံးဝအ သိအမှတ်မပြု လက်ခံမည် မဟုတ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

.

၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပခဲ့သည် အထွေထွေရွေး ကောက်ပွဲတွင် မဲဆန္ဒနယ်စုစုပေါင်း ၁၁၇၁ နယ် ရှိသည့်အနက် ၁၁၁၇ နယ်တွင် ရွေးကောက်ပွဲများ ကျင်းပနိုင်ခဲ့ပြီး၊ ဆန္ဒမဲပေးခွင့်ရှိသူ ၃၈,၂၇၁,၄၄၇ ဦးရှိရာ ပြည်သူ့ လွှတ်တော်တွင် ၂၇,၅၁၂,၈၅၅ ဦး၊ အမျိုးသားလွှတ်တော်တွင် ၂၇,၄၉၅,၅၅၅ ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်များတွင် ၃၀,၄၅၉,၁၁၃ ဦး လာရောက်မဲပေးခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၇၁ ရာခိုင်နှုန်းကျော် လာရောက် မဲပေးခဲ့ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲဆန္ဒနယ်အားလုံး၏ ၈၂ ဒသမ ၃၆ ရာခိုင်နှုန်း အနိုင်ရရှိခဲ့ပြီး လွှတ်တော် ကိုယ်စားလှယ် ၉၂၀ ဦး ရွေးချယ်တင်မြောက်ခံခဲ့ရကြောင်း သိရသည်။

.

ထို့အပြင် တရားဝင်ဖွဲ့စည်းထားရှိပြီး ရွေးကောက်ပွဲနှင့် ပတ်သက်၍ အပြီးသတ် ဆုံးဖြတ်ပိုင်ခွင့်ရှိသော ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲရလဒ်ကို တရားဝင်ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ရာ ယင်းရွေးကောက်ပွဲရလဒ်သည် ပြည်သူ့ဆန္ဒနှင့်အညီ တရားဝင်တည်ရှိနေဆဲဖြစ်ပြီး NLD အနေဖြင့် ပြည်သူပေးသည့် အာဏာကို အကြွင်းမဲ့ လက်ခံယုံကြည်ကိုင်ဆွဲထားသည်ဟု NLD က ထုတ်ပြန်ထားသည်။

.

အဆိုပါ ထုတ်ပြန်ချက်ကို ၂၀၂၀ ခုနှစ်၊ ဇွန်လ ၂၅ ရက်တွင် ကျင်းပသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်ကော်မတီနှင့် ဗဟိုရေးရာကော်မတီဝင်များ၊ တိုင်း/ပြည်နယ်တာဝန်ခံများအစည်းအဝေး (၂၅/၂၀၂၂) ဆုံးဖြတ်ချက်အရ ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။

.



.

Journal Download

Photo of three cats