.
အမျိုးသားညီညွတ်ရေးအစိုးရ၊
ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ကရင်နီပြည်
အတိုင်ပင်ခံကောင်စီ (KSCC) တို့အကြား
ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးမှုကို ဇူလိုင် ၂၀ ရက် ညနေ ညနေပိုင်းက ပြုလုပ်ခဲ့ကြောင်း
သိရသည်။
.
.အစည်းအဝေးတွင် ကြားကာလ
ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ ဒုတိယ ဥက္ကဋ္ဌ (၁)၊
ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က ယခင်အစည်းအဝေးတွင် ချမှတ်ခဲ့သော လုပ်ငန်းစဉ်များ၏
ပြီးမြောက်မှု အခြေအနေများ၊ အမေ့ထီးရန်ပုံငွေမှ ရရှိငွေများကို ခွဲဝေနိုင်ရေး၊ ပြည်နယ်များနှင့်
စဉ်ဆက်မပြတ် ထိတွေ့နိုင်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီပန်းတိုင်ကို လျှင်မြန်စွာရောက်ရှိနိုင်ရေး
စသည်တို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
.
အလားတူ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ
(KSCC) တာဝန်ရှိသူတစ်ဦးက တော်လှန်ရေးတစ်နှစ်ကျော်ကာလ
အခြေနေများကို ပြန်လည်သုံးသပ်ပြီး စစ်ရေး၊ နိုင်ငံရေး ဆုံးရှုံးမှုနည်းပါးစေရန် အစီအမံများရေးဆွဲ
ဆောင်ရွက်လျက် ရှိကြောင်း၊ ကြားကာလ ဗဟိုကော်မတီနှင့် ပူးပေါင်းလက်တွဲကာ စစ်အာဏာရှင်ကို
အပြတ်ချေမှုန်းသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောဆိုခဲ့သည်။
.
ထို့နောက် ပထမအကြိမ်အစည်းအဝေးမှ
ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ်များ အကောင်အထည်ဖော်နေမှု အခြေ အနေ၊ နှစ်ဘက် သက်ဆိုင်ရာဌာနများအလိုက်
ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်နေမှုအခြေအနေ၊ လူသားချင်းစာနာ အကူအညီပေးနိုင်ရေး၊
ပညာရေး၊ ကျန်းမာရေး၊ ဆက်သွယ်ရေးကဏ္ဍများ၊ ကာကွယ်ရေး၊ အုပ်ချုပ်ရေးကိစ္စရပ်များနှင့်
ပတ်သက်ပြီး ဆက်လက်ဆွေးနွေးနိုင်ရေး၊ နှစ်ဘက်တာဝန်ရှိသူများကြား
ဆက်သွယ်မှုပိုမိုအား ကောင်းခိုင်မာရေး စသည့်ကဏ္ဍများကို ဆွေးနွေးခဲ့ကြပြီး သဘောတူဆုံးဖြတ်ချက်နှင့်
ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခဲ့ကြောင်း သိရသည်။
.
အစည်းအဝေးသို့
ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီမှ ပြည်ထောင်စုဝန်ကြီးများ၊
ဒုတိယပြည်ထောင်စုဝန်ကြီးများ၊ အတွင်းဝန်များ၊ ကရင်နီပြည်အတိုင်ပင်ခံကောင်စီမှ
တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
.