စစ်ကောင်စီတပ်၏ သူရဘွဲ့ရတစ်ဦးသည် လက်နက်/ခဲယမ်း အပြည့်အစုံဖြင့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ မူတြော်ခရိုင်၊ အမှတ်(၅) တပ်မဟာထံသို့ လက်နက်ချ အလင်းဝင်ခဲ့သည်ဟု မူတြော် သတင်းစဉ်က ယမန်နေ့ညတွင် ထုတ်ပြန်ထားသည်။
.
ဖာပွန်မြို့ အခြေစိုက် ရဲစခန်းမှ ရဲဒုတပ်ကြပ် ဇေယျာသည် ၎င်းကိုင်ဆောင်သော V8-63 အမျိုးအစား မောင်းပြန်ရိုင်ဖယ် တစ်လက်၊ ကျည် ၁၁၄ တောင့်၊ လက်ပစ်ဗုံး ၂ လုံးနှင့် ဓားမြောင် ၂ ချောင်း ယူဆောင်၍ ဇူလိုင်လ ၃ ရက်တွင် ထွက်ပြေးကာလက်နက်ချ အလင်းဝင်လာခြင်း ဖြစ်ကြောင်း သိရသည်။
.
" အကြမ်းဖက်စစ်တပ်တွေက ပြည်သူ့အာဏာကို မတရား သိမ်းဆည်းတယ်။ အပြစ်မဲ့ ပြည်သူတွေကိုလည်း မတရား ဖမ်းဆီးနှိပ်စက် သတ်ဖြတ်နေတာတွေကို သိနေ၊ မြင်နေရတော့ ဒီအဝန်းအဝိုင်းထဲမှာ ဘယ်လိုမှ တာဝန်မထမ်းဆောင်ချင်တော့ဘူး" ဟု ရဲဒုတပ်ကြပ် ဇေယျာက ပြောသည်။
.
ရဲဒုတပ်ကြပ် ဇေယျာသည် ရဲတပ်သား မဖြစ်လာခင် စစ်ကောင်စီတပ်တွင် ၁၃ နှစ်ကြာ တပ်သား အဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ကာ ကိုးကန့်ဒေသ တိုက်ပွဲအတွင်း သူရဘွဲ့ ရရှိခဲ့သူ ဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် ရဲတပ်ဖွဲ့သို့ ပြောင်းရွှေ့ခံရသူ ဖြစ်သည်ဟု မူတြော် သတင်းစဉ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။