စစ်ကောင်စီ တပ်စခန်းအချို့ကို KNLA က တိုက်ခိုက်သိမ်းယူ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စစ်ကောင်စီ တပ်စခန်းအချို့ကို KNLA က တိုက်ခိုက်သိမ်းယူ


KNU ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ် စီမံအုပ်ချုပ်မှုနယ်မြေ အတွင်းရှိ စစ်ကောင်စီ၏ တပ်စခန်း အချို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၃) နှင့် ပူးပေါင်းတပ်ဖွဲ့များက ဇူလိုင်လ ၂ ရက်တွင် တိုက်ခိုက် သိမ်းယူခဲ့ကြောင်း သိရသည်။

အများပြည်သူ သွားလာ လှုပ်ရှားမှုများ ပြုလုပ်ရာတွင် ဟန့်တားနှောင့်ယှက် စစ်ဆေးမှုများ ပြုလုပ်ကာ နယ်မြေ စိုးမိုးနိုင်ရန် လုပ်ဆောင်နေသည့် စစ်ကောင်စီ၏ စခန်းများ ဖြစ်သော ကြောင်ပြာစခန်း၊ အောင်းလောင်းစိန်စခန်း၊ ကျွန်းပင်ဆိပ်စခန်း၊ ကော့ပြင်းစခန်း နှင့် ကျောင်းစုစခန်း တို့ကို တစ်ပြိုင်နက်တည်း တိုက်ခိုက်သိမ်းယူခဲ့ခြင်း ဖြစ်သည်ဟု KNU က ထုတ်ပြန်သည်။

.

အောင်းလောင်းစိန်စခန်း၊ ကျွန်းပင်ဆိပ်စခန်း၊ ကော့ပြင်းစခန်းနှင့် ကျောင်းစုစခန်းသိမ်း တိုက်ပွဲများတွင် စစ်ကောင်စီ၏ အမြဲတမ်းပြည်သူ့စစ် ၄ ဦး သေဆုံးကာ ကျန်သူများမှာ ကိုယ်လွတ်ရုန်း ထွက်ပြေးခဲ့သဖြင့် သေနတ် ၈ လက် နှင့် ခဲယမ်းများ သိမ်းဆည်း ရရှိခဲ့သည်ဟု ဆိုသည်။

.


ထို့အတူ ကြောင်ပြာစခန်းသိမ်းတိုက်ပွဲတွင် နှစ်ဖက်အထိအခိုက် အကျအဆုံးများ ရှိနေပြီး စစ်ကောင်စီတပ်ဖက်မှ တပ်ရင်းမှူး အပါအဝင် သေဆုံးမှု ရှိသော်လည်း အရေအတွက်ကိုမူ အတည်ပြုနိုင်ရန် ကြိုးစားလျက် ရှိကြောင်းနှင့် စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူပေးခဲ့သည့်အတွက် အပြီးသတ် ရှင်းလင်းနိုင်ခြင်း မရှိသေးကြောင်းလည်း KNU ၏ ထုတ်ပြန်ချက်အရ သိရသည်။

.

စစ်ကောင်စီတပ်သည် လေကြောင်းပစ်ကူပေးရာတွင် တိမ်းရှောင်ပြေးလွှားနေသည့် အရပ်သားများနေရာများ အပေါ်သို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ဒေသခံ အရပ်သားပြည်သူ ၄ ဦး သေဆုံးခဲ့ရပြီး အသက် ၇၀ နှစ်အရပ်သား ပြည်သူ တစ်ဦး၏ လက်ဝဲရင်ဘတ် နှင့် ပေါင်တွင် ဒဏ်ရာ ရရှိခဲ့ကာ ကျန် ထိခိုက်မှုများကို အတည်ပြုရန်ကြိုးစားလျက် ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.


လက်ရှိတွင် အနီးဝန်းကျင်ရှိ ကျေးရွာများမှာ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရပြီး စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးများဖြင့် ကျေးရွာများသို့ ရမ်းသမ်း ပစ်ခတ်သည့်အပြင် စစ်ကူများထပ်မံ ပို့ဆောင်လာသည့်အတွက် တိုက်ပွဲများ ဆက်လက် ပြင်းထန်လာမည့် အခြေအနေတွင် ရှိနေကြောင်း သိရသည်။

Journal Download

Photo of three cats