ကရင်နီ (ကယား) ပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မားခရော်ရှေ့ကျေးရွာ အတွင်းသို့ စီးနင်း ဝင်ရောက်လာသည့် စစ်ကောင်စီ တပ်သားများကို ကရင်နီ အမျိုးသားကာကွယ်ရေးတပ် (KNDF) က ဇူလိုင်လ ၃၀ ရက်၊ နံနက်ပိုင်းတွင် ခြုံခို တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
.
စစ်ကောင်စီတပ်၏ အမှတ် (၁၄) တန်းမြှင့်လေ့ကျင့်ရေးကျောင်း ခြံစည်းရိုး ပတ်လည်တွင် တပ် ချထားသော တပ်မ(၅၅) လက်အောက်ခံ ခလရ (၇) တပ်သား တစ်ချို့ မားခရော်ရှေ့ကျေးရွာအတွင်းသို့ စီးနင်းဝင်ရောက်စဉ် KNDF တပ်ရင်း (၁၅)က ခြုံခို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
.
အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ တစ်ဦး သေဆုံးခဲ့သည်ဟု KNDF က ထုတ်ပြန်ထားသည်။
.
ထို့ပြင် ယင်းနေ့ နေ့လယ်ပိုင်းတွင် ဖရူဆိုမြို့နယ် ခမရ (၅၃၁) တပ်၏ ကင်းပုန်းစခန်းကို KNDF နှင့် PDF တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၂ ဦး သေဆုံးခဲ့ကြောင်းလည်း သိရသည်။