မြန်မာ စစ်အာဏာရှင်၏ သေဒဏ် စီရင်မှုကို G7 ရှုတ်ချ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မြန်မာ စစ်အာဏာရှင်၏ သေဒဏ် စီရင်မှုကို G7 ရှုတ်ချ

မြန်မာနိုင်ငံတွင် စစ်အာဏာရှင်က လူ ၄ ဦးကို ကွပ်မျက်ခဲ့ခြင်းအပေါ် G7 အဖွဲ့ဝင် နိုင်ငံများ ဖြစ်သော ကနေဒါ၊ ပြင်သစ်၊ ဂျာမဏီ၊ အီတလီ၊ ဂျပန်၊ ယူကေနှင့် အမေရိကန်တို့မှ နိုင်ငံခြားရေးဝန်ကြီးများနှင့် ဥရောပသမဂ္ဂ အဆင့်မြင့် ကိုယ်စားလှယ်တို့က ပြင်းထန်စွာ ရှုတ်ချကြောင်း ယနေ့တွင် ထုတ်ပြန်သည်။

.


စစ်အာဏာသိမ်းမှုကို အပြင်းထန်ဆုံးရှုတ်ချမှုဖြင့် ဆက်လက်ရှုတ်ချပြီး နိုင်ငံအတွင်းမှ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးနှင့် လူ့အခွင့်အရေးအခြေအနေများနှင့် စပ်လျဉ်း၍လည်း လွန်စွာ စိုးရိမ်ပူပန်လျက် ရှိကြောင်း ဖော်ပြထားသည်။

.

ထို့အတူ အကြမ်းဖက်မှုများအဆုံးသတ်ရန်၊ မတရား ထပ်မံကွပ်မျက်မှုများမှ ရှောင်ရှားရန်၊ နိုင်ငံရေးအကျဉ်းသားများအားလုံးနှင့် မတရား ဖမ်းဆီးထိန်းသိမ်းထားသူများအား ပြန်လွှတ်ပေးရန်နှင့် တိုင်းပြည်ကို ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ပို့ဆောင်ရန်၊ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရန် တောင်းဆိုထားသည်။

.


ကုလသမဂ္ဂအဖွဲ့၏ အားထုတ် ကြိုးပမ်းမှုများကိုဆက်လက် အားပေးထောက်ခံပြီး အာဆီယံအထူးကိုယ်စားလှယ်နှင့် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်ကြားတွင် ထိရောက်သည့် ပူးပေါင်းဆောင်ရွက်မှု ရှိရန်ကိုလည်း တိုက်တွန်းထားသည်။

.

နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမဆုံး ဖြစ်သော ယခုကဲ့သို့ ကွပ်မျက်မှုများနှင့် တရားမျှတသော ကြားနာစစ်ဆေးမှုများ လစ်ဟင်းခြင်းတို့က မြန်မာပြည်သူများ၏ ခိုင်ကျည်မြဲမြံသော ဒီမိုကရေစီ လိုလားတောင့်တမှုကို စစ်အာဏာရှင်က မထေမဲ့မြင်ပြုရာရောက်သည် ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

ကုလသမဂ္ဂ လုံခြုံရေးကောင်စီကလည်း ဇူလိုင်လ ၂၇ ရက်တွင် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ၄ ဦးကို စစ်အုပ်စု၏ သေဒဏ်စီရင်မှုအပေါ် ရှုတ်ချခဲ့ပြီး မတရား ဖမ်းဆီးထားသူများ အားလုံးကို ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သည်။

Journal Download

Photo of three cats