.
မြို့တော်တောင်ကြီးမှာ
လျှပ်စစ်မီးထိန်ထိန်ညီးတော့မယ်ဆိုတော့ မယုံရဲယုံရဲ။ ယုံရခက်တဲ့ ပုံပြင်တစ်ပုဒ်လို။
တစ်နှစ်ခွဲလောက် အမှောင်ထုရယ်၊ အားသွင်းမီးလုံးရယ်၊ လောင်စာတောင့်တွေနဲ့ နေသားကျလာတော့
နေရခက်သလိုဖြစ်တယ် ပြောရမလား။ ဘယ်အချိန်မီးပျက်မယ်၊ ဘယ်အချိန်မီးပြန်လာမယ်ဆိုပြီး တစ်ဦးနဲ့တစ်ယောက်
သတိပေးရတဲ့အလုပ်လေးတောင် လွမ်းရမလိုနဲ့။ နေသားကျတဲ့အရာတစ်ခု ရုတ်တရက် အပြောင်းအလဲကြီးဖြစ်သွားရင်
အတော် ကကြိုးကကြောင်နိုင်တတ်တယ်။ အခုလည်းကြည့် မီးလုံးအားသွင်းရမယ့်အချိန် ရောက်ရင်
လက်က အလိုလို ရောက်သွားတာ။ ခက်တာက အားသွင်းစရာက မလိုတော့ဘူး ဆိုရမလိုလို။ (မပျက်ရင်ပေါ့လေ)။
.
မီးဖိုချောင်တာဝန်ယူရတဲ့
အိမ်ထောင်ရှင်မဆိုလည်း မီးသွေးနဲ့ လောင်စာတောင့် သုံးနေရာကနေ ဒယ်နီဘက် ခြေဦးပြန်လှည့်တော့
ပုံမှန်ရှူရှိုက်နေကျ မီးသွေးနံ့လေး လွမ်းရမလားပေါ့။ လျှပ်စစ်မီးလေး ပုံမှန်ပြန်လာမယ်ဆိုတော့
တစ်အိတ် မြန်မာငွေ ၂၀၀၀၀ နီးပါးပေးဝယ်ရတဲ့ မီးသွေးဖိုး သက်သာမလား တွေးတဲ့လူကတွေးကြ။
အဲဒီမှာ စတွေ့တာက အတွေးနဲ့ လက်တွေ့ ထပ်တူမကျနိုင်တာ။ ဟုတ်တယ်လေ။ မီးသွေးဖိုးတော့ သက်သာသွားပါရဲ့။
.
နေ့စဉ် လည်ပတ်မယ့်
မီတာခကတော့ မိုးထိုးသွားနိုင်တယ်။ အခုတောင် ကြပ်တည်းရှားပါးကြလွန်းလို့ မသိမသာလေး ငတ်နေကြရတာမျိုး
စတိုင်တစ်ခွဲသားနဲ့ လက်ကုန်ဖွင့်လို့တော့ မလွယ်ရေးခြာ မလွယ်။
.
မီးပုံမှန်ပြန်လာတော့
ကောင်းပါတယ်။ ဒါပေမဲ့ လျှပ်စစ်မီးကို ချွေတာသုံးဖို့တော့ လိုတာပေါ့။ မလိုအပ်ဘဲသုံးရင်တော့
အခုလို ရှားပါးတဲ့အချိန်ခါမျိုးမှာ အတော်ကြီးဒုက္ခများသွားနိုင်တယ်။ အလကားရနေတာ မဟုတ်ဘူးလေ။
တစ်ခုခုသုံးလိုက်တိုင်း မီတာခက တက်နေတော့မှာ။
.
ဆောင်နိုင်ရင်တော့
ကောင်းတာပေါ့။ ကိုယ့်မှာရှိတဲ့ အတိုင်းအတာနဲ့ မချင့်ချိန်ဘဲ လျှောက်သုံးနေရင်တော့ မီတာခနဲ့
ဒုက္ခတွေ့ သွားနိုင်တယ်။ အခုချိန်က အရင်ကလို စီးပွားရေးကောင်းကောင်း လည်ပတ်နေကြတာမဟုတ်ဘူး။
လျှပ်စစ်မီတာခကြောင့် ကိုယ့်အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်အောင်တော့ ချင့်ချိန်ဖို့လိုအပ်တယ်လို့
တောင်ကြီးမြို့ပေါ်မှာ နေထိုင်သူတစ်ယောက်က ပြောတယ်။
.
ဂေါင်းကြီးတို့ကလည်း
တစ်ဆိတ်တော့ လွန်လွန်းတယ်ပြောရမလား။ သူ့ဟာသူ အချိန်ဇယားနဲ့ လည်ပတ်နေတာကို
ရုတ်တရက်ကြီး ပြောင်းချလိုက်တယ်။ မလင်းတုန်းကလည်း အရှင်း။ အခုလင်းမယ်ဆိုတော့လည်း
၂၄ နာရီတဲ့။ အကြောင်းကြီးငယ် ကိစ္စမရှိရင် ပျက်စရာအကြောင်းမရှိတော့ဘူးတဲ့။ အမှန်တော့လည်း
နဂိုတည်းက ဒီမီး ပျက်စရာအကြောင်းမှ မရှိတာ။ ကျန်ခဲ့တဲ့ဆယ်နှစ်လောက်အတွင်း နေ့စဉ် မီးပေးထားနိုင်တာ
အားလုံးအသိ။ မသိရင် ကျေးဇူးတွေ အကြိမ်ကြိမ်တင်ရတော့မယ့်အတိုင်း။ အစတည်းက နဂိုလည်းရှိပြီးသား၊
နဂိုင်းလည်း ထွက်ပြီးသား ဒီလျှပ်စစ်မီးက။
.
ထင်ရာစိုင်းပြီးမှ
ဘွာခတ်တာတော့ ဒီကျေးဇူး မူးလို့ရှူစရာမှ မရှိတာ။
.
မျက်မှောက်ကာလ လျှပ်စစ်မီးဆိုတာ
မရှိမဖြစ်အရာတစ်ခု။ နေ့စဉ်လူနေမှုဘဝတွေအတွက် အလိုအပ်ဆုံးအရာတစ်ခု လည်းဖြစ်တယ်။ တိုးတက်တဲ့တိုင်းပြည်၊
တည်ငြိမ်တဲ့တိုင်းပြည်၊ ပြည်သူကို အလေးအမြတ်ထားတဲ့ တိုင်းပြည်တွေမှာ
လျှပ်စစ်မီးဆိုတာ စကားထဲထည့်ပြောနေရတဲ့ အရာမျိုးမဟုတ်ဘူး။ မီးပျက်ခြင်း၊ မီးလာခြင်းဆိုတာ
မရှိကြဘူး။ အလင်းရောင်အတွက်ပဲ ဖန်တီးကြတယ်။ ရွှေပြည်မှာတော့ တိုင်းပြည်အာဏာ ဂေါင်းကြီးတို့လက်ထဲ
ရောက်တာနဲ့ မီးလာ၊ မီးပျက်က အလုပ်တစ်ကိုဖြစ်လို့။ ကမ္ဘာအရပ်ရပ် ကလေးငယ်တွေထက် ရွှေပြည်က
ကလေးငယ်တွေ စကားနှစ်လုံး ပိုတတ်ကြတယ်။ မီးလာပြီ၊ မီးပျက်သွားပြီတဲ့။ (ဂုဏ်ပဲယူရမလိုပေါ့)။
.
အမှန်တော့ လျှပ်စစ်မီးပျက်ခြင်းနဲ့
မြန်မာပြည်ဆိုတာ ဒွန်တွဲနေတဲ့အမျိုး။ မြန်မာပြည်သူတွေကလည်း ဒီမီးပျက်လို့ သိပ်တော့
ရင်မခုန်ကြတော့ဘူးရယ်။ ၂၄ နာရီအပြည့် ပြန်လင်းလို့လည်း ကျေးဇူးတင်စရာအကြောင်းမှ မမြင်တာ။
အခု မီးပျက်လိုက် ခဏနေ ပြန်လင်းလိုက်နဲ့ အယ်ဒီဆင်ရဲ့ စွမ်းဆောင်မှုကို တစ်နိုင်ငံတည်းကွက်ပြီး
ဂုဏ်ပြုပေးနေ သလားတောင် ထင်မှတ်ရတယ်။ ရောက်ရာပေါက်ရာဘဝကနေ ရွှေပြည်ကိုကြည့်ပြီး
အယ်ဒီဆင်ကြီး သာဓုခေါ်နေ မလားတောင် မပြောတတ်ပါဘူး။ မီးပျက်၊ ပျက်ပြီးလာချင်သလိုလာတဲ့
မှတ်တမ်းသာ ဂင်းနစ်စာအုပ်ထဲ ထည့်လို့ရရင် ကမ္ဘာ့မီးပျက်ဖလား ပြိုင်ပွဲမှာ ရွှေပြည်က
ပြိုင်ဘက်ကင်း ဗိုလ်စွဲသွားနိုင်တယ်။
.
လတ်တလောတော့ ဂေါင်းကြီးတို့
အကြောင်းပြုပြီး မြို့တော်တောင်ကြီးမှာ လျှပ်စစ်မီးကြီး ထိန်ထိန်ညီးလို့ပေါ့။ အားသွင်းမီးလုံးတွေ
ခဏအနားယူကြ၊ လောင်စာတောင့်သည်ကတော့ ဈေးသည်တွေကိုပဲ မျှော်ရတော့မယ်။၂၀၀၀၀ တန် မီးသွေးအိတ်လည်း
ဘယ်အချိန်ထိ ဘေးရောက်မယ်မပြောတတ်သေးဘူး။ သေချာတာကတော့ လာမယ့် မီတာစာရွက်မှာ အိမ်တိုင်းစေ့
ငွေကြေးတွေ ဒီရေအလား တိုးတက်လာမယ်။ ခက်တာက ဒီလျှပ်စစ်မီး အဟုတ်တကယ် လာမှာလား စဉ်းစားလို့မရတာ။
.
ယုံစားလို့ပုံအပ်ရင်း
ထမင်းအိုးတွေ ပျက်ခဲ့ပေါင်းလည်း များပြီလေ။ တကယ်လာမှာလား မျှော်ပေါ့လေးနာရီ ပြန်ဖြစ်မလား
ဆိုတာတော့ ပိတ်ကားပေါ်ဆက်ကြည့်ကြတာပေါ့။
.