ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှ် မြို့မ ရဲစခန်းတွင် အထိုင်ချ၍ ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO Local PDF) ဗျူဟာ (၃)နှင့် အလယ်ပိုင်းတိုင်းတပ်ရင်း (၁၁၀၆) တို့က ယနေ့ ဇူလိုင်လ ၂၈ ရက်၊ နေ့လယ်ပိုင်းတွင် လက်ဦးမှု ရယူ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
.
တိုက်ပွဲမှာ ၁၅ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ ဝင် ၂ ဦး သေဆုံး၍ ၁ ဦး ထိခိုက်ဒဏ် ရကာ ပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်မှု မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု DMO Local PDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
အဆိုပါ တိုက်ပွဲမတိုင်မီ စစ်ကောင်စီတပ်က ကင်းထောက် လေယာဉ်ဖြင့် ၂ ကြိမ်ခန့် ပျံသန်းခဲ့သော်လည်း အကြောင်းရင်းကို မသိရကြောင်းနှင့် မြို့မရဲစခန်းတွင် ခံတုတ်ကျင်းများ၊ ဘန်ကာများအား အခိုင်အမာ တည်ဆောက်ထားပြီး လက်နက်ခဲယမ်းများ ဖြည့်တင်းလျက် ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။