မြဝတီ-ဝေါ်လေ ကားလမ်းပေါ်ရှိ သုံးထပ်ကွေ့ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အများအပြား ထိခိုက် သေဆုံးခဲ့ကြောင်း Cobra Column ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မြဝတီ-ဝေါ်လေ ကားလမ်းပေါ်ရှိ သုံးထပ်ကွေ့ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အများအပြား ထိခိုက် သေဆုံးခဲ့ကြောင်း Cobra Column ထုတ်ပြန်

မြဝတီ-ဝေါ်လေ ကားလမ်းပေါ်ရှိ သုံးထပ်ကွေ့ (ဒေသအခေါ်) နေရာသို့ ဇူလိုင်လ ၇ ရက်တွင် ရောက်ရှိလာသည့် စစ်ကောင်စီ စစ်ကြောင်းနှင့် ကော်ဘရာစစ်ကြောင်းတို့ တိုက်ပွဲ ဖြစ်ပွားလျက်ရှိရာ စစ်ကောင်စီဘက်မှ အများအပြား ထိခိုက် သေဆုံးခဲ့ကြောင်း Cobra Column က ယနေ့တွင် ရုပ်သံမှတ်တမ်းဖြင့် ထုတ်ပြန်သည်။ 

.


စစ်ကောင်စီ၏ တပ်မ (၄၄) လက်အောက်ခံ ခမရ(၂၀၇)၊ ခလရ(၈)၊ ခမရ(၂၀၄)၊ ခမရ(၉) ၊ ခမရ(၁၀၂) နှင့် လက်ရုံး တပ်ဖွဲ့များ၊ ဗိုလ်မုတ်သုန် ဦးစီးသော BGF အင်အား ၁၀၀ ခန့် ပါဝင်သော စစ်ကောင်စီ စစ်ကြောင်းများသည် ဖလူးလေး၊ ဖလူးကြီးဒေသတွင် စုဖွဲ့၍ မြဝတီ - ဝေါ်လေကားလမ်းတစ်လျောက် ဒေသများအား ကျူးကျော်ရန် သုံးထပ်ကွေ့ (ဒေသအခေါ်) နေရာသို့ အရောက်တွင် လုံခြုံရေး ရယူထားသော ကော်ဘရာစစ်ကြောင်းနှင့် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခြင်း ဖြစ်ကြောင်း သိရသည်။

.

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ဗိုလ်ကြီး၁ ဦး၊ ဆေးမှူး ၁ ဦး အပါအဝင် အလောင်း ၅ လောင်း အတည်ပြု တွေ့ရှိခဲ့ပြီး အများအပြား ထိခိုက်သေဆုံး၊ ဒဏ်ရာ ရရှိထားသည်ကို တွေ့ရှိရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

အဆိုပါ အခြေအနေမှာ ဇူလိုင်လ ၈ ရက် နံနက် ၉ နာရီ အချိန်ထိ အခြေအနေ ဖြစ်ကာ တိုက်ပွဲဖြစ်ပွားနေဆဲ ဖြစ်သဖြင့် စာရင်း အတိအကျအား အတည်ပြုနိုင်ရန် စိစစ်ဆဲ ဖြစ်ပြီး စစ်ကောင်စီတပ်ထံမှ MA -1 ၁ လက်၊ ကျည် ၄၇၅ တောင့်၊ ကျည်အိမ် ၄ ခု၊ အီနာဂါ ဗုံးသီး ၁ လုံး၊ အခြား ဆက်စပ်ပစ္စည်းများကို သိမ်းဆည်း ရမိထားသည်ဟု ကော်ဘရာစစ်ကြောင်းက ဆိုသည်။

.

ထို့အပြင် စစ်ကောင်စီ၏ မှော်ဘီလေတပ်မှ တိုက်လေယာဉ် တစ်စီးသည် ယနေ့ ဇူလိုင်လ ၈ ရက်၊ နံနက် ၄ နာရီခွဲခန့်တွင် လေ့ကေ့ကော်ဒေသရှိ တောင်ကုန်း တစ်ခုပေါ်သို့ တိုက်ခိုက်ခဲ့ကြောင်းနှင့် ယင်း ပစ်ခတ် တိုက်ခိုက်မှုများအတွင်း ကော်ဘရာ စစ်သည်များ တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာ မရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Journal Download

Photo of three cats