.
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊
တင်းတိမ်ရံကျေးရွာရှိ ဈေးဆိုင်ခန်း ၂၀၀ ကျော်နှင့် လူနေအိမ် ၅၀ ကျော်ကို ယမန်နေ့ ဇူလိုင်လ
၂၉ ရက်က စစ်ကောင်စီတပ်သားများ ဝင်ရောက်မီးရှို့ခဲ့ကြောင်း ဒေသခံများထံက သိရသည်။
.
.အင်အား ၁၀၀ နီးပါးရှိ
စစ်ကောင်စီ စစ်ကြောင်းသည် ယမန်နေ့ ညနေ ၄ နာရီကျော်က တင်းတိမ်ရံကျေးရွာအတွင်း ဝင်ရောက်လာပြီး
ညနေ ၆ နာရီခန့်တွင် ဈေးနှင့် နေအိမ်များကို မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ဈေးသည် ကျေးရွာအလယ်တွင်
တည်ရှိပြီး ဆိုင်ခန်း ၂၀၀ နီးပါး မီးလောင်ခဲ့ကြောင်း၊ ရွာအတွင်းရှိ နေအိမ် ၅၀ ကျော်ကိုလည်း
မီးရှို့ခဲ့ကြောင်းနှင့် စစ်ကြောင်းမှာ ရွာအတွင်း ရှိနေဆဲဖြစ်သည့်အတွက် အသေးစိတ် မသိရှိနိုင်သေးကြောင်း
ဒေသခံတစ်ဦးက ပြောသည်။
.
ယင်းစစ်ကြောင်းသည်
တင်းတိမ်ရံကျေးရွာ၏ တောင်ဘက်မှ ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး နေအိမ်များအတွင်းရှိ ရွှေ၊
ငွေနှင့် တန်ဖိုးကြီးပစ္စည်းများကိုပါ ဝင်ရောက်ယူဆောင်သွားကြောင်း ဒေသခံများက ပြောသည်။
.
တင်းတိမ်ရံကျေးရွာတွင်
နေအိမ်ပေါင်း ၃၀၀ ကျော်ရှိပြီး လက်ရှိအချိန်ထိ စစ်ကောင်စီတပ်သားများ ရွာအတွင်း တပ်စွဲထားသည့်အတွက်
ဒေသခံများအားလုံး နီးစပ်ရာကျေးရွာများနှင့် တောတောင်များအတွင်း ထွက်ပြေးပုန်းရှောင်
နေရကြောင်း သိရသည်။
.