.
မြန်မာနိုင်ငံတွင်
လူဦးရေ၏ ၄၀ ရာခိုင်နှုန်းသည် ဆင်းရဲနွမ်းပါးမှု မျဉ်းအောက်တွင် ရောက်ရှိနေပြီး ဆယ်စုနှစ်
တစ်ခုစာ ကြိုးပမ်းမှုဖြစ်သည့် ဆင်းရဲမှုလျှော့ချရေးဆောင်ရွက်ချက်များ နောက်ပြန်လှည့်လျက်ရှိသည်ဟု
ကမ္ဘာ့ဘဏ်က ယနေ့ ဇူလိုင်လ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
.
.မြန်မာနိုင်ငံ၏ စီးပွားရေးသည်
ပြည်တွင်းနှင့် ပြည်ပဖိအားများကြောင့် ယခုနှစ်တွင် သိသိသာသာ ကျုံ့သွားခဲ့ပြီးနောက်
ပြန်လည်နာလန်ထူရေး နှောင့်နှေးလျက်ရှိကြောင်း၊ ၂၀၂၂ ခုနှစ်၏ GDP သည် ၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ်ပါက
၁၃ ရာခိုင် နှုန်း ဆက်လက်နိမ့်ကျနေမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
အားနည်းသော
စီးပွားရေး လုပ်ဆောင်မှုများက မြန်မာ့စီးပွားရေးအနေဖြင့် ကျယ်ပြန့်သော အခက်အခဲ အတားအဆီး
များ ရင်ဆိုင်နေရကြောင်း၊ ယင်းအချက်များတွင် ယူကရိန်းစစ်ပွဲ၏
ရိုက်ခတ်မှုတစ်စိတ်တပိုင်းဖြစ်သော ပြည်ပ သွင်းကုန်များနှင့် အသုံး အဆောင်ပစ္စည်းများ
ဈေးမြင့်တက်လာခြင်း ပြည်တွင်းပဋိပက္ခ ပိုမိုဆိုးရွား ပြင်းထန်လာခြင်း၊
လျှပ်စစ်ဓါတ်အား ပြတ်တောက်မှုများ၊ သယ်ယူပို့ဆောင်ရေးနှင့် ဘဏ္ဍာရေးကဏ္ဍ
အခက်အခဲများ ဆက်လက်တည်ရှိ နေခြင်းတို့ ပါဝင်ကြောင်း ဆိုသည်။
.
ထို့အပြင် ဝန်ပိစေသော
ကုန်သွယ်လိုင်စင် ကန့်သတ်ချက်များ၊ နိုင်ငံခြားငွေကြေးလဲလှယ်မှုနှုန်း
ကိန်းရှင်ထားမှုကို ဖျက်သိမ်းလိုက်ခြင်း နိုင်ငံခြားငွေများကို မဖြစ်မနေ
မြန်မာကျပ်ငွေအဖြစ် ပြောင်းလဲရမည်ဟူသော စည်းကမ်း သတ်မှတ်လိုက်ခြင်းတို့ကြောင့်
အဓိက ပြည်ပသွင်းကုန် သွင်းအားစုများ နှောင့်နှေးပြတ်တောက်သွားစေကာ ပြည်ပပို့ကုန် သမားများအား
အခက်အခဲတွေ့စေခဲ့ကြောင်း၊ မူဝါဒ ညွှန်ကြားချက် အသစ် အသစ်များ အလျှင်အမြန်
ချမှတ်နေခြင်း တို့ကြောင့် စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရာတွင်
မရေရာမှုများမြင့်တက်လာနေကြောင်း ကမ္ဘာ့ဘဏ် က ထုတ်ပြန်ထားသည်။
.
“မြန်မာနိုင်ငံအနေနဲ့
မနှစ်က ကမ္ဘာပေါ်မှာ အဆိုးရွားဆုံး စီးပွားရေး ကျုံ့မှုကို ရင်ဆိုင်ခဲ့ရပြီး
ဒီနှစ်မှာလည်း စီးပွားရေး ဆောင်ရွက်ရာမှာ အခက်အခဲတွေ ဆက်လက်ရှိနေတဲ့အတွက်
အခြားနိုင်ငံတွေနဲ့ယှဉ်မယ်ဆိုရင် စီးပွားရေး ပြန်လည် နာလန်ထူမှုမှာ များစွာ
နောက်ကျနေတာကို လေ့လာတွေ့ရှိရပါတယ်" ဟု ကမ္ဘာ့ဘဏ်၏ မြန်မာ၊ ကမ္ဘောဒီးယားနှင့်
လာအို နိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မာရီယမ်ရှာမန် ကပြောကြားခဲ့သည်။
.
စီးပွားရေးကဏ္ဍတစ်ခုလုံးတွင်
စိန်ခေါ်မှုများဖြင့် ပြည့်နှက်နေသော်လည်း ကဏ္ဍအချို့တွင် လွန်ခဲ့သည့် ၁၂ လအတွင်း ပြန်လည်သက်ဝင်မှုရှိလာသည့်အတွက်
ယခုနှစ်တွင် စီးပွားရေးတိုးတက်မှု ရာခိုင်နှုန်း အနည်းငယ် ရှိလာနေကြောင်း၊ ကာလကြာရှည်
ရပ်ဆိုင်းခဲ့ရသည့် စီမံကိန်းများ ပြန်လည် စတင်လာသောကြောင့်
ဆောက်လုပ်ရေးလုပ်ငန်းများ ပြန်လည် ထူထောင်လာကြောင်း၊ လုပ်ငန်းခွင်
လှုပ်ရှားသွားလာမှု မြင့်တက်လာခြင်း၊ လက်လီဆိုင်ကြီးများနှင့် သယ်ယူ ပို့ဆောင်ရေးဂိတ်များကြောင့်
လုပ်ငန်းများ ပြန်လည်သက်ဝင် လှုပ်ရှားလာခဲ့ သော်လည်း ဝယ်ယူသုံးစွဲနိုင်မှုဆိုင်ရာ
ညွှန်းကိန်းများမှာမူ အားနည်းနေဆဲဖြစ်ကြောင်း သိရသည်။
.
“စက်မှုလုပ်ငန်းတွေက
ပြည်တွင်းဝယ်လိုအားကို မှီခိုနေရတဲ့ အတွက် အိမ်ထောင်စုဝင်ငွေ လျော့ကျလာခြင်းနဲ့
ကုန်ဈေးနှုန်း ကြီးမြင့်လာခြင်း စတဲ့စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရတဲ့ အပြင်
စိုက်ပျိုးရေးထုတ်ကုန်များမှာလည်း သွင်းအားစုဈေးနှုန်းများ၊ သယ်ယူပို့ဆောင်ရေး
အခက်အခဲနဲ့ ဆက်လက် ဖြစ်ပွားနေတဲ့ ပဋိပက္ခတို့ရဲ့ ဒဏ်ကို ခါးစည်းခံနေရဆဲဖြစ်ပါတယ်"
ဟု ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်း စီးပွားရေးပညာရှင် ကင်မ် အဒ်ဝဒ်က
ပြောသည်။
.
မြန်မာနိုင်ငံတွင်
COVID-19 မတိုင်မီ စီးပွားရေးအခြေအနေသို့
ပြန်လည်ရောက်ရှိရန် အလှမ်းဝေးနေဆဲ ဖြစ်ပြီး ကျန်ဒေသတွင်းနိုင်ငံများမှာမူ ၂၀၁၉ ခုနှစ်က
ရှိခဲ့သော GDP ထက် ကျော်လွန်ရောက်ရှိနေပြီဖြစ်ကာ အချို့မှာ
၂၀၂၃ ခုနှစ်တွင် ရောက်ရှိမည်ဟု ခန့်မှန်းထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
Photo – Al Jazeera
.